ပေါက်ခေါင်း ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ခြင်းကို ယနေ့နံနက် ၉ နာရီကစတင်၍ မြို့နယ်ပြည်သူ့ ဆေးရုံကြီးနှင့် ကျေးလက်ဆေးခန်းဆေးထိုးစုရပ် အသီးသီးတွင်ပုံမှန်ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်ခေါင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်(၅) ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များအား အသည်းရောင်အသားဝါ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ ဦးနှောက်အမှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ပြင်းထန်ဝမ်းပျက်ဝမ်းလျော (ရိုတာဗိုင်းရပ် ကာကွယ်ဆေး) ပြင်းထန်အဆုပ်ရောင်(ပီဗွီစီ) ဝက်သက်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးများကို အသက်အရွယ်အလိုက် သက်ဆိုင်ရာဆေးများကို ထိုးနှံပေးပြီး ပိုလီယိုအကြာသေ ကာကွယ်ဆေးများကိုလည်း တိုက်ကျွေးပေးခဲ့ကြောင်းနှင့် အဆိုပါကာကွယ်ဆေးထိုး၊ တိုက်ကျွေးခြင်းများကို လစဉ်လဆန်း ၁ ရက်နေ့မှစ၍ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် ယနေ့ပြည်သူ့ဆေးရုံကြီး၌ မြို့ပေါ်ရပ်ကွက် (၅)ခုမှ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးများထိုးနှံ၊တိုက်ကျွေးပေးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထို့အပြင် ကျေးရွာအုပ်စုများတွင်လည်း သက်ဆိုင်ရာကျေးလက်ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းလုပ်ငန်းများကို ကျေးလက်ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သန်းထွန်းအောင် (ပြန်/ဆက်)