မုဒုံ ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။
အခမ်းအနားတွင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းက သင်တန်းဆင်းအမှာစကားပြောကြားရာတွင် မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် မီးသတ်ဦးစီးဌာန၏ ရည်မှန်းချက်တာဝန်(၄)ရပ်အား လိုက်နာဆောင်ရွက်သွားရန်၊ သဘာဝဘေးအန္တရာယ်များနှင့် မီးလောင်မှုဖြစ်ပွားလာပါက အရန်မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် လျင်မြန်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားရန် ပြောကြားသည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက မီးသတ်ပညာထူးချွန်သင်တန်းသား၊ ရှာဖွေကယ်ဆယ်ရေးပညာထူးချွန်သင်တန်းသားနှင့် သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ပြီး သင်တန်းအား(၄)ပတ်ကြာဖြင့် သင်တန်းသား(၅၀)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)