တောင်ငူ ဒီဇင်ဘာ ၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု နည်းပညာသင်တန်းများမှ လုပ်ငန်းထူထောင်သူများအား “ဒေသဖွံဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ”အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက တောင်ငူမြို့ ကေတုမတီမြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးက နိုင်ငံတော်၏မူဝါဒနှင့်အညီ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွားဘဝမြှင့်တင်ရေး၊ မြို့ပြနှင့်ကျေးလက်ဒေသနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖြစ်ထွန်းပေါ်ပေါက်လာစေရေး၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားရှိလာစေရေး၊ တစ်ပိုင်တစ်နိုင်အသေးစား ကုန်ထုတ်လုပ်ငန်းများ ထူထောင်လုပ်ကိုင်ဆောင်ရွက်နိုင်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနအနေဖြင့် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ လုပ်ငန်းများထူထောင်မည့်သူများအနေဖြင့် မိမိတို့ဆောင်ရွက်မည့် လုပ်ငန်းအလိုက် လုပ်ငန်းစတင်လည်ပတ်နိုင်ရေးအတွက် အသေးစားစက်မှုလုပ်ငန်းဦးစီးဌာန၏ လမ်းညွှန်မှုများကို စနစ်တကျလိုက်နာဆောင်ရွက်ခြင်းဖြင့် အောင်မြင်သည့် အသေးစားကုန်ထုတ်လုပ်ငန်းရှင်များ ပေါ်ထွန်းလာစေရန် တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးပွားရေးစီမံကိန်းဖြင့် တောင်ငူခရိုင်အတွင်း အမျိုးသမီးများ ဝင်ငွေတိုးပွားလာစေရန်ရည်ရွယ်ကာ တောင်ငူမြို့နယ် ဇီးဒိုင်းကျေးရွာအုပ်စု၊ ပဲပုတ်ကျေးရွာ၌ အခြေခံစက်ချုပ်နည်းပညာသင်တန်း၊ ခေတ်မီစံပြကျေးရွာများရှိ ဖြူးမြို့နယ် ငှက်ကြီးသိုက်စံပြကျေးရွာမှ ကျေးလက်နေပြည်သူများ ဝင်ငွေတိုးရေးရည်ရွယ်ကာ ဖွင့်လှစ်ခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းတို့မှာ ထူးချွန်သင်တန်းသူ (၁၀)ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၀)သိန်းနှင့် ညီမျှသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများကို အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုး၊ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့် ပဲခူးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွန်းတို့က ပေးအပ်ချီးမြှင်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။
ထို့နောက် အခမ်းအနား၌ ပြသထားသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများအား အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းတိုးနှင့် အဖွဲ့ဝင်များက လှည့်လည်ကြည့်ရှုကာ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)