ပေါင်းတည်၌ ခုခံအားကျဆင်းမှုရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသပွဲ ဆောင်ရွက်

ပေါင်းတည် ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေး မြှင့်တင်စို့ဆောင်ပုဒ်ဖြင့် ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း သိရပြီး ယမန်နေ့ နံနက်ပိုင်းက ပြည်သူ့ဆေးရုံရှိ ကျန်းမာရေးအသိပညာပေး ခန်းမဆောင်တွင် ခုခံအားကျဆင်းမှုရောဂါဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါ အသိပညာပေးဆောင်ရွက်မှု၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးမှူးဦးစိုးပိုင်၊ ကျန်းမာရေးမှူး (၁) ဦးထွန်းဝင်းလတ်နှင့် သက်ဆိုင်ရာ ကုသရေး၊ ကျန်းမာရေးဝန်ထမ်းများက ခုခံအားကျဆင်းမှုရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးပညာရပ်များကို ဟောပြောဆွေးနွေးခဲ့ကြ ကြောင်းသိရသည်။

ယင်းနောက် ခုခံအားကျဆင်းမှုရောဂါ (AIDS) အန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် နံရံကပ်စာစောင်များ၊ လက်ကမ်းစာစောင်များ၊ အသုံးအဆောင်ပစ္စည်းများဖြင့် အသိပညာပေးပြပွဲကို ဆက်လက်ဆောင်ရွက်ပြသပေးခဲ့ကြောင်းသိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များ၊ ကျန်းမာရေးအစောင့်အရှောက်ခံလူနာများနှင့်ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။

သူရကြီး (ပြန်/ဆက်)