တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ပေးလျက်ရှိ

တမူး ဒီဇင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး​ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ (၁) ရက်နေ့ နံနက် (၉)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင်တစ်နှစ်ခွဲအောက် ကလေးငယ်များအား အသက်အရွယ်အပိုင်းအခြားအလိုက် ပြင်းထန်အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင်အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင်အသားဝါရောဂါ ကာကွယ်ဆေးများထိုးနှံတိုက်ကျွေးခဲ့ပြီး ကာကွယ်ဆေးလာရောက်ထိုးနှံကြသည့် ကလေးငယ်များ၏ မိဘများကိုလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်များအားပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို လစဥ်လဆန်း (၁) ရက်နေ့မှ (၅) ရက်နေ့ထိ ထိုးနှံတိုက်ကျွေးလျက်ရှိကြောင်း သိရှိရသည်။

ရတနာ