ငဖဲ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးညီလာခံ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးဆန်းစစ်လွှာ မေးခွန်း ၁၀၀ ဖြေဆိုပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်း ဗိုလ်ရွှဲခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဝေလင်းအောင်က အေအိုင်ဒီအက်ရောဂါအကြောင်း၊ HIV ပိုး ကူးစက်နိုင်သည့်နည်းလမ်းများ၊ HIV ရောဂါပိုးကူးစက်ခံရသူများအား ရောဂါကာကွယ်ရေး ပြုစုစောင့်ရှောက်မှုလုပ်ငန်းစဉ်များ၊ HIV ရောဂါပိုးကူးစက်ခံရသူများ ခံစားရသည့်ရောဂါလက္ခဏာများ၊ HIV / အေအိုင်ဒီအက်စ်နှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနက ချမှတ်ထားသည့် ရည်ရွယ်ချက်များ၊ အေအိုင်ဒီအက်စ်ရောဂါ ကူးစက်မခံရအောင် နေထိုင်ရမည့်နည်းလမ်းများနှင့် ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်းများဆိုင်ရာအကြောင်းအရာများကို Power Point ဖြင့် အသိပညာပေး ရှင်းလင်းပြောကြားသည်။
ထို့နောက် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့ခုခံအားကျဆင်းမှု ကူးစက်ရောဂါတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျန်းမာရေးဆန်းစစ်လွှာမေးခွန်းပေါင်း(၁၀၀)ကို ဆက်လက်မေးမြန်းရာ အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူ(၁၅၃)ဦး ဝင်ရောက်ဖြေဆိုကြပြီး ဖြေဆိုနိုင်သူ ၃ ဦးကို ငဖဲမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး ဦးဝေလင်းအောင်နှင့် ဝန်ထမ်းများက ဆုများပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
မယု(ငဖဲ)