ဆိပ်ဖြူ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်နှင့် အသိပညာပေးနံရံကပ်ပြပွဲကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးဟောပြောပွဲကို လျှပ်စစ်စွမ်းအင်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းအားပြည်ဝစွာရရှိနိုင်စေရန်၊ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးမှုစေရန်နှင့် လျှပ်စစ်စွမ်းအား ခြိုးခြံချွေတာရေးနည်းလမ်းများ လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ လျှပ်စစ်ဓာတ်အားချွေတာသုံးစွဲရေး အသိပညာပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က လျှပ်စစ်ဓာတ်အားပြည့်ဝစွာရရှိခြင်းဖြင့် ပညာရေး၊ ကျန်းမာရေးနှင့် ဒေသစီးပွားနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကျိုးရရှိမှု အခြေအနေများ၊ လျှပ်စစ်ဓာတ်အား လေလွင့်ဆုံးရှုံးရခြင်း ဆောင်ရွက်မှုအကြောင်းနှင့် လျှပ်စစ်ဓာတ်အားချွေတာ သုံးစွဲရေးနည်းလမ်းများ ကိုရှင်းလင်းပြောကြားပေးပြီး၊ သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများက လျှပ်စစ်အန္တရာယ် ကင်းရှင်းရေး၊ အိမ်တွင်းလျှပ်စစ်ဓာတ်အားကြိုး သွယ်တန်းခြင်းဆိုင်ရာ သိကောင်းစရာ အသိပညာပေးများကို ဟောပြောပေးခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက မြို့နယ်ပြည်သူ့စာကြည့်တိုက်၌ စာပေဝါသနာရှင် စာဖတ်ပရိတ်သတ်များ ဖတ်ရှုလေ့လာနိုင်ရန် သုတ၊ ရသ စာအုပ်စာစောင်များနှင့် လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး နံရံကပ်များ ပြသဆောင်ရွက်ပေးခဲ့ပြီး အသိပညာပေးလာရောက်ခဲ့ကြသည့် ဒေသခံပြည်သူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရှိရသည်။
ကိုဇွဲ(အညာမြေ)