ဆင်ပေါင်ဝဲ ဒီဇင်ဘာ ၁
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ပြည်သူ့ကျန်းမာရေးညီလာခံကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အသက်(၅)နှစ်အောက် ကလေးငယ်များကို အာဟာရဖြည့်စွက်အစားအစာများ ပေးဝေခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မရုံအတွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီ ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ ပူးပေါင်း၍ အမှတ်(၂)ရပ်ကွက်ရှိ ဓမ္မာရုံတွင် ကိုယ်ဝန်ဆောင်မိခင်များအား အာထရာဆောင်းဖြင့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ငှက်ဖျားရောဂါပိုး စစ်ဆေးပေးခြင်း၊ ကိုယ်အလေးချိန်နှင့် သွေးပေါင်ချိန် တိုင်းတာပေးခြင်း၊ ဆေးစိမ်ခြင်ထောင်များပေးဝေခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး အသက် (၅) နှစ်အောက် ကလေးများအား အသားဓာတ်တိုးသော အာဟာရမှုန့်အထုပ်များ ပေးဝေခဲ့ကြကြောင်း သိရသည်။
ဆက်လက်ပြီး အမှတ်(၂) ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမွန်စိုးရီနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက သိုလှောင်ထားသော သောက်သုံးရေကန်များအတွင်းသို့ အဘိတ်ဆေးများခတ်ပေးခြင်း၊ အိမ်တွင်းအိမ်ပြင်ရှိ ရေထည့်ထားသည့် ရေစည်ရေအိုးများအားဖုံးအုပ်ပေးခြင်း၊ သောက်ရေ၊ သုံးရေအိုးခွက်များ၊ ရေစည်ရေအိုးများ၊ ပန်းအိုးအတွင်းပိုင်းကို ပွတ်တိုက်ဆေးကြော၍ သွန်ပစ်ခြင်း၊ ပိုးလောက်လန်းတွေ့သောရေကို နောက်အိုးတစ်အိုးသို့ ရေစစ်၍ လဲလှယ်ပြောင်းထည့်ခြင်း စသည့်အသိပညာပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်းဆောင်ရွက်မှုတွင် ကိုယ်ဝန်ဆောင်မိခင်ဦးရေ (၄၀)ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းနှင့် အသက်(၅)နှစ်အောက် ကလေးငယ်(၂၀၀)ခန့်အား အာဟာရဖြည့်စွက်အစားအစာများ ပေးဝေခဲ့ကြောင်း သိရသည်။
ခန့်ဝင်း(ဆင်ပေါင်ဝဲ)