သဲကုန်း နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်၌ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ရင်သွေးငယ်များအား ငယ်ရွယ်စဉ်မှစ၍ ပြုစုစောင့်ရှောက်ရာတွင် စနစ်တကျ ပြုစုပျိုးထောင်နိုင်စေရန် မိဘအသိပညာပေးသင်တန်းကို ယမန်နေ့က မူလတန်းကြိုကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်မေဇင်ထွန်းက ကလေးသူငယ်များအား ချစ်ခင်မှု၊ ကြင်နာမှု၊ စိတ်လုံခြုံမှု၊ အာဟာရပြည့်ပြည့်ဝဝစားသောက်မှု၊ လုံခြုံစွာနေထိုင်ရမှု၊ လှုပ်ရှားလေ့ကျင့်မှုများ လိုအပ်ပါကြောင်း၊၊ ကလေးများ ကိုယ့်အားကိုယ်ကိုးယုံကြည်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ သင်ကြားမှုလေးရပ်ဖြစ်သော ကစားခြင်းဖြင့် သင်ကြားခြင်း၊ တေးဂီတဖြင့်သင်ကြားခြင်း၊ အခြေခံပန်းချီဖြင့်သင်ကြားခြင်း၊ လက်မှုပညာဖြင့် သင်ကြားခြင်းတို့ဖြင့် သင်ကြားပေးခဲ့ပြီး ကလေးများဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကာယဖွံ့ဖြိုးမှု၊ ဉာဏဖွံ့ဖြိုးမှု၊ စာရိတ္တဖွံ့ဖြိုးမှု၊ ပေါင်းသင်းဆက်ဆံရေးဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားမှုဖွံ့ဖြိုးမှု စသည့် ဖွံ့ဖြိုးမှုငါးရပ်ဖြင့် သင်ကြားပေးလျက်ရှိကြောင်း ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါ မိဘဆရာအသိပညာပေးသင်တန်းကို ကလေးများဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် မိဘများအထူးသိသင့်သည့် မှတ်သားဖွယ်ရာများကို အပြန်အလှန်ဆွေးနွေပြီး မိဘများနှင့်ပူးပေါင်းဆောင်ရွက်ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရသည်။
ကိုကျော် (ပြန်/ဆက်)