ပွင့်ဖြူမြို့နယ် မျိုးသန့်ခြံမှ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကုလားပဲသီးနှံ မျိုးစေ့ထုတ်စိုက်ခင်း ဧက ၈၀ လျာထားစိုက်ပျိုးသွားမည်

ပွင့်ဖြူ နိုဝင်ဘာ ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ မျိုးသန့်ခြံမှ ပြည်သူများ စားနပ်ရိက္ခာဖူလုံစေရန်နှင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံတောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့် မျိုးစေ့များဖြန့်ဖြူးပေးနိုင်ရေး နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် (ရေဆင်း-၆) နှင့် (ရေဆင်း-၁၂) ကုလားပဲသီးနှံ မျိုးစေ့ထုတ်စိုက်ခင်းများကို စိုက်ပျိုးဆောင်ရွက်လျက်ရှိရာ ယခုနှစ်တွင်လည်း ကုလားပဲသီးနှံမျိုးစေ့ထုတ်စိုက်ခင်း ဧက ၈၀ လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်ထံမှ သိရသည်။ 

“ကျွန်တော်တို့ ပွင့်ဖြူမြို့မျိုးသန့်ခြံမှ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်မှာရှိတဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ကြသည့် တောင်သူဦးကြီးများကို သီးနှံဝင်ငွေတိုးပွားစေဖို့နဲ့ ပြည်သူများစားနပ်ရိက္ခာဖူလုံစေဖို့အတွက် ရည်ရွယ်ပြီး နှစ်စဉ်ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ ကုလားပဲမျိုးကောင်းမျိုးသန့်များဖြစ်တဲ့ (ရေဆင်း-၆)နှင့် (ရေဆင်း-၁၂)ကုလားပဲသီးနှံများကို စိုက်ပျိုးဆောင်ရွက်ပြီးရရှိလာတဲ့ မျိုးသန့်မျိုးစေ့များကို ဖြန့်ဖြူးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ယခုနှစ် ဆောင်းသီးနှံကုလားပဲမျိုးစေ့ထုတ်စိုက်ဧက ၈၀ စိုက်ပျိုးဆောင်ရွက်သွားမှာဖြစ်ပြီး ယနေ့အထိ ၁၅ ဧက စိုက်ပျိုးပြီးစီးသွားပြီဖြစ်ပါတယ်။ ကျွန်တော်တို့ မျိုးသန့်ခြံမှာဆိုရင် အမြဲတမ်း လယ်ယာလုပ်သား(၁၅)ဦးနဲ့ မျိုးကောင်းမျိုးသန့် စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းကို ဆောင်ရွက်နေပြီး လုပ်သားလိုအပ်လာပါက အနီးဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ခေါ်ယူပြီးတော့ ဆောင်ရွက်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ ပွင့်ဖြူမြို့မျိုးသန့်ခြံအနေနဲ့ ကျေးရွာနေပြည်သူများကိုလည်း အလုပ်အကိုင်အခွင့်အလမ်းများရရှိစေပြီး မိသားစုဝင်ငွေတိုးပွားအောင် တစ်ဖက်တစ်လမ်းမှ ကူညီဆောင်ရွက်ပေးနေပါတယ်။ ဆက်လက်၍လည်း ကျွန်တော်တို့ မျိုးသန့်ခြံအနေဖြင့် နိုင်ငံတော်ရဲ့ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ဒေသတွင်းရှိ တောင်သူများ သီးနှံဝင်ငွေတိုးပွားပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့များကို အပြည့်အဝထုတ်လုပ်ဖြန့်ဖြူးပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်” ပွင့်ဖြူမြို့ မျိုးသန့်ခြံတာဝန်ခံ ဦးအောင်ချစ်က ပြောကြားသည်။  

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)အနေဖြင့် ဒေသတွင်းရှိ တောင်သူများ စားနပ်ရိက္ခာဖူလုံရေးနှင့် သီးနှံဝင်ငွေတိုးပွားရေးအတွက် သီးနှံများစိုက်ပျိုးရာ၌ အထွက်နှုန်းကောင်းသော မျိုးကောင်းမျိုးသန့်မျိုးစေ့များကို စိုက်ပျိုးနိုင်ရေးအတွက် မျိုးကောင်းမျိုးသန့်မျိုးစေ့ ဖြန့်ဖြူးပေးနိုင်ရန်အတွက် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ကုလားပဲမျိုးစေ့ ထုတ်စိုက်ခင်းဧက ၈၀ လျာထားစိုက်ပျိုးသွားမည့်အပြင် ရေဆင်း-၁ စပ်မျိုးနေကြာ မျိုးစေ့ထုတ်စိုက်ခင်း ၁၀ ဧကနှင့် ပိုက်ဆံလျှောက်(သစ်စိမ်းမြေဩဇာ) ဧက ၃၀ တို့ကို အကောင်အထည်ဖော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)