အထက်မင်းလှ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉)နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က လုံခြုံရေး ဂရုပြုဆောင်ရွက်ကြရန်၊ ၂၀၂၃-၂၀၂၄ခုနှစ်၌ စိုက်ပျိုးသီးနှံများ စိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မြို့နယ်စိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက် ကျေးရွာစိုက်ပျိုးရေးကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာစာရေးဝန်ထမ်းများမှ ပူးပေါင်း၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် တိုက်နယ် (၆)ခု၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ အဖွဲ့များအားလုံးမှ ပူးပေါင်းဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းရန်ပုံငွေဖြင့် ချေးငွေများထုတ်ချေးပေးနေမှုများ၊ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေးတို့အား ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့် ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လုံခြုံရေးဆောင်ရွက်မည့် ကိစ္စရပ်များ၊ သီးနှံစိုက်ပျိုးရာတွင် သီးထပ်စွမ်းအားမြှင့်တင်ဆောင်ရွက်နေမှုများ၊ ပန်းတိုင်အထွက်နှုန်းရရှိရေး၊ ဆီထွက်သီးနှံနေကြာစိုက်ပျိုးမှုအခြေအနေများ ဆောင်းသီးနှံစိုက်ပျိုးရန် သီးနှံလျာထားချက်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)