ရေတာရှည်နိုဝင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် ခုတင်(၂၅)ဆံ့ပြည်သူ့ဆေးရုံကြီးသို့ တောင်ငူအထွေထွေရောဂါကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများသည် ပြည်သူများဆေးကုသမှုစရိတ် လျော့နည်းကျဆင်းစေရေးအတွက်ရည်ရွယ်၍ ယမန်နေ့နံနက် (၈)နာရီအချိန်မှ စတင်ကာမြို့နယ် ပြည်သူ့ဆေးရုံ၌ ဒေသခံပြည်သူများအား နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို အခမဲ့ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါဆေးဝါးကုသပေးရာတွင် အထွေထွေရောဂါ၊ အရိုးအထူးကု၊ ကလေးအထူးကု၊ ခွဲစိတ်ရောဂါအထူးကု၊ သားဖွားမီးယပ်အထူးကု၊ အကြောအဆစ်နှင့် ကိုယ်အင်္ဂါပြန်လည်သန်စွမ်းရေးဆေး ပညာအထူးကု၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု၊ မျက်စိအထူးကု၊ အရေပြားအထူးကု၊ သွားရောဂါအထူးကု ဆရာဝန်ကြီးများက အထွေထွေလူနာ (၁၁၄)ဦး၊ ခွဲစိတ်ရောဂါ(၃၈)ဦး၊ သားဖွားမီးယပ်ရောဂါ(၉)ဦး၊ ကလေးရောဂါ (၁၅) ဦး၊ အရိုးအကြောလူနာ (၆၄)ဦး၊ သွားရောဂါ(၁၇)ဦး၊ နား၊နှာခေါင်း၊ လည်ချောင်း (၃၂)ဦး၊ မျက်စိရောဂါ(၆၃)ဦး၊ အရေပြား(၁၅)ဦး၊ ကိုယ်အင်္ဂါပြန်လည် သန်စွမ်းရေး(၄၀)ဦး၊ ရောဂါဗေဒ(၁၃)ဦး ဓါတ်မှန်(၁၃)ဦး စုစုပေါင်းလူနာ (၄၃၃)ဦးကို အခမဲ့ကုသပေးနိုင်ခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထိုသို့နယ်လှည့်ကွင်းဆင်းဆေးကုသပေးခြင်းများကို ပဲခူးတိုင်းဒေသကြီး ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟ၊ တောင်ငူအထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး၊ ရေတာရှည်မြို့နယ် ကုသရေးဦးစီးဌာနမှူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)