မြို့သစ် နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့ နယ်သည် စိုက်ပျိုးရေးကို စပါး၊ နှမ်း၊ မြေပဲများ သာမက ရာသီအလိုက် ကာလတို/ကာလရှည် သီးနှံမျိုးစုံကိုစိုက်ပျိုးလျက်ရှိရာ ခရမ်းချဥ်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်လျက်ရှိပြီး ရောင်းချချိန်ခရမ်းချဉ်သီး ဈေးနှုန်းများ တစ်ပိဿာ (၁၀၀၀) ကျပ်နှင့် (၁၀၀၀) ကျပ်စျေးအထက် အနည်းငယ်တက်လာကြောင်း သိရသည်။
ခရမ်းချဉ်သီးနှံသည်ပျိုးထောင်သည့် အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ပြီး စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတု အခြေအနေပေါ်မူတည်၍ ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့်ပိုးမွှားနှိမ်နင်းဆေးများ အသုံးပြုရကြောင်း ခရမ်းချဥ်စိုက်ပျိုးသူတစ်ဦးထံက သိရသည်။
ခရမ်းချဉ်မျိုး(၂)ထုပ်စိုက်ပျိုးပါက ငွေကျပ်ငါးသိန်းခွဲ၊ ခြောက်သိန်းဝန်းကျင်ခန့် ကုန်ကျကြောင်း စိုက်ပျိုးပြီး ရက်ငါးဆယ်ဝန်းကျင်တွင် အသီးများစတင် ခူးဆွတ်ရောင်းချရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် တစ်ခါခူးဆွတ်ပါက ပိဿာချိန် (၁ဝဝ) ပိဿာကျော် အထိ ခူးဆွတ်ရကြောင်း၊ (၂) ရက်ခြားတစ်ကြိမ်ခူးဆွတ်ရသဖြင့် နေ့စဉ်နီးပါးဝင်ငွေရကြောင်း၊ ရောင်းဈေးအနေဖြင့် ခရမ်းချဉ်အလုံးလှ တစ်ပိဿာငွေကျပ် (၁ဝ၀၀) ကျပ်နှင့် အလုံးမလှ(အကြမ်း)တစ်ပိဿာလျှင် ငွေကျပ် (၁၂၀၀) ကျပ်စျေးဖြင့် ရောင်းချရကြောင်း ခရမ်းချဉ်သီးစိုက်ပျိုးသူတစ်ဦးက ပြောသည်။
မြို့သစ်မြို့နယ်တွင်စီးပွားဖြစ် ခရမ်းချဉ်သီးစိုက်ပျိုးသူများအနေဖြင့် တိုင်ထောင်ခရမ်းချဉ်မျိုးများ အဓိကထားစိုက်ပျိုးကြကြောင်းနှင့် တိုင်ထောင်ခရမ်းချဥ်များသည် အခွံထူအထားခံမျိုးဖြစ်သောကြောင့် စိုက်ပျိုးမည်ဆိုပါကဦးစွာ သဘာဝမြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများနှင့် မြေပြုပြင်ထားမှသာ အပင်ဖြစ်ထွန်းမှုကောင်းပြီး အသီးထွက်နှုန်းကောင်းမွန်ကြောင်း သိရသည်။
သန်းဝင်းထွန်း ( ပြန်/ဆက်)