ပွင့်ဖြူ နိုဝင်ဘာ ၃၀
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်သည် တာဝန်ရှိသူများ လိုက်ပါ၍ နိုဝင်ဘာ ၂၉ ရက်၊ ယနေ့မွန်းလွဲ ၁ နာရီခွဲက ပွင့်ဖြူမြို့သို့ ရောက်ရှိပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အကောင်အထည်ဖော် ဆောင်ရွက်သည့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်သည် တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ တိုင်းဒေသကြီးဦးစီးမှူးဦးထင်အောင်နှင့် တာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် ဝန်ထမ်းများ လိုက်ပါ၍ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့ပြအင်္ဂါရပ်နှင့် သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုလုပ်ငန်းများနှင့် ဒေသခံပြည်သူများ အားလပ်ချိန်များတွင် စိတ်အပန်းဖြေနိုင်ရေးအတွက် ပွင့်ဖြူမြို့ ပွင့်မာလာပန်းဥယျာဉ်ခြံအား သန့်ရှင်းသာယာလှပရေး လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများက ပန်းဥယျာဉ်ခြံအတွင်း ပြည်သူများ လာရောက်စိတ်အပန်းဖြေရာ၌ ကျန်းမာရေး လေ့ကျင့်ခန်းများ ပြုလုပ်နိုင်ရန် ကျန်းမာရေးသုံးအားကစားပစ္စည်းများ စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပန်းအလှခုံများဖြင့် ရောင်စုံပန်းများ စိုက်ပျိုးဆောင်ရွက်ထားရှိမှုနှင့် မြို့ပြသာယာစိမ်းလန်းစိုပြည်ရေးအတွက် စိုက်ပျိုးရန် ပျိုးဥယျာဉ်ခြံ၌ ပန်းအလှပင်မျိုးစုံ စိုက်ပျိုးထိန်းသိမ်းထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ထားရှိသည့် မြို့ပြသန့်ရှင်းသာယာရေးလုပ်ငန်းများနှင့် ပွင့်မာလာပန်းဥယျာဉ်ခြံ သာယာစိမ်းလန်းစိုပြည်ရေး ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်းပြီး မြို့ပြအင်္ဂါရပ်နှင့်အညီ စဉ်ဆက်မပြတ် သန့်ရှင်းသာယာလှပရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)