ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် တီဘီရောဂါလူနာ(၁၄၇)ဦးအား ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေး

ငဖဲ နိုဝင်ဘာ ၃၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ငဖဲမြို့နယ် ပဒါန်းကျေးရွာတွင် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ တာဝန်ခံဆရာဝန်ကြီး ဒေါက်တာခိုင်မြင့်ဇင်နှင့် ကျန်းမာရေးဝန်ထမ်းများအဖွဲ့က တီဘီရောဂါလူနာများအား ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှု ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန တီဘီရောဂါတိုက်ဖျက်ရေးဌာနမှ ဆရာဝန်ကြီး ဒေါက်တာခိုင်မြင့်ဇင်က တီဘီရောဂါသည်လူနာများအား တီဘီရောဂါအကြောင်း သိကောင်းစရာများ၊ ရောဂါလက္ခဏာများ၊ ဆေးများကို မှန်မှန်ကန်ကန်နှင့် ပြီးဆုံးအောင် သောက်သုံးရန်လိုအပ်ကြောင်းနှင့် ဆေးမှန်မှန်မသောက်ပါက ဖြစ်ပေါ်တတ်သည့် ရောဂါလက္ခဏာများ၊  ဆေးကုသမှုခံယူနေစဉ်အတွင်း ဆေး၏ဘေးထွက်ဆိုးကျိုးလက္ခဏာများကြုံတွေ့ရပါက ကျန်းမာရေးဝန်ထမ်းများနှင့် ချက်ချင်းသွားရောက်ဆွေးနွေးပြီး ဆေးကုသမှုခံယူရန် စသည့်တီဘီရောဂါကျန်းမာရေးဆိုင်ရာအကြောင်းအရာများကို အသိပညာပေးပြောကြားသည်။

ထို့နောက် တီဘီရောဂါလူနာများအား လိုအပ်သည့် သွေးပေါင်ချိန်တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးမှုခံယူစေခြင်း၊ ဓါတ်မှန်ရိုက်ပေးခြင်းများဆောင်ရွက်၍ သုံးစွဲရန် ဆေးဝါးများပေးအပ်ခဲ့ပြီး တီဘီရောဂါကင်းဝေးစေရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကာ ကွင်းဆင်းဆေးကုသပေးရာသို့ တီဘီရောဂါလူနာ (၁၄၇)ဦး လာရောက်၍ ဆေးကုသမှုခံယူခဲ့ကြကြောင်းနှင့် ဆေးကုသဆောင်ရွက်ပေးရာသို့ ပဒါန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးကျော်ရွှေနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မယု(ငဖဲ)