ပြည်နယ်အဆင့် National ICT Awards 2023 (Educational Project & Skills Competition) ပြိုင်ပွဲကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၃၀

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မွန်ပြည်နယ်ပညာရေးမှူးရုံး၊ အစည်းအဝေးခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက ပြည်နယ်အဆင့် National ICT Awards 2023(Educational Project & Skills Competition) ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ပညာရေးမှူးရုံးမှ ပြည်နယ်ပညာရေးမှူး ဒေါ်နန့်စယ်လီလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းချုပ်မှ အလုပ်အမှုဆောင် ဦးသိန်းဇော်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ပြိုင်ပွဲဝင်များက သတ်မှတ်ခေါင်းစဥ်များဖြင့် ပြိုင်ပွဲဝင်ယှဥ်ပြိုင်ကြရာ ပြည်နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု့အားပေးခဲ့ကြသည်။

အဆိုပါပြိုင်ပွဲအား ပညာရေးကဏ္ဍတွင် ICT နည်းပညာများကို အပြည့်အဝအသုံးချနိုင်စေရန်၊ ICT နယ်ပယ်တွင် ထူးချွန်ထက်မြက်သော မြန်မာလူငယ်ပညာရှင်များ ပေါ်ပေါက်လာစေရန်၊ ဆရာ၊ ဆရာမများအနေဖြင့် ICT နည်းပညာပိုမိုကျွမ်းကျင်လာစေရန်နှင့် သင်ကြားသင်ယူမှုတွင် ICT အထောက်အကူပြုသင်ခန်းစာများ ဖန်တီးသင်ကြားလာနိုင်စေရန်၊ နိုင်ငံတကာအဆင့်ပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်နိုင်သောပညာရှင်များ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ကွန်ပျူတာအသင်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ပြည်နယ်အဆင့် National ICT Awards 2023(Educational Project & Skills Competition)ပြိုင်ပွဲသို့ ဆရာ၊ ဆရာမ၊ ပညာရေးဝန်ထမ်းအဆင့်(၂)ဦး၊ အခြေခံပညာအထက်တန်းအဆင့်(၇)ဦး၊ အခြေခံပညာအလယ်တန်းအဆင့်(၁၂)ဦး၊ အခြေခံပညာမူလတန်းအဆင့်(၆)ဦး၊ စုစုပေါင်းပြိုင်ပွဲဝင်(၂၇)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြသည်။

 ပြိုင်ပွဲဝင်အဆင့်တစ်ခုစီမှ ယှဥ်ပြိုင်ကြသူများအနက်မှ မြန်မာနိုင်ငံကွန်ပျူတာအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ကွန်ပျူတာတက္ကသိုလ်မှ ဆရာများ၊ ဘာသာရပ်ကျွမ်းကျင်သည့် ဆရာ၊ ဆရာမများ၊ ကွန်ပျူတာပညာရှင်အသင်းမှ တာဝန်ရှိသူများက ဒိုင်များအဖြစ်ဆောင်ရွက်ပြီး ပထမ၊ ဒုတိယ၊ တတိယအဖြစ် (၃)ဦးစီရွေးချယ်၍  အခြေခံပညာဦးစီးဌာနသို့ပေးပို့ကာ ဗဟိုအဆင့်အတွက် ဆက်လက်ယှဥ်ပြိုင်ကြရမည်ဖြစ်ကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)