ပဲခူးမြို့၌ အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာလှုပ်ရှားမှု အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်

ပဲခူး နိုဝင်ဘာ ၂၉

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းအချိန်က အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအခမ်းအနား ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့သည်။

ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုဝင်ဘာလ(၂၅)ရက်နေ့ကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးအကြမ်းဖက်မှုများပပျောက်ရေးနေ့အဖြစ် သတ်မှတ်ထားရှိပြီး နိုဝင်ဘာလ(၂၅)ရက်နေ့မှ ဒီဇင်ဘာလ(၁၀)ရက်နေ့အထိကို အပြည်ပြည်ဆိုင်ရာအမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး(၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်အဖြစ် သတ်မှတ်ထားရှိခြင်းကြောင့် ပဲခူးတိုင်းဒေသကြီးတွင် တိုင်းဒေသကြီးအဆင့်အခမ်းအနားကို နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အကြိုလှုပ်ရှားမှုအဖြစ် လူစည်ကားရာနေရာများတွင် အသိပညာပေးဆိုင်းဘုတ်များစိုက်ထူခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဖွဲ့စည်းထားသည့် အမျိုးသမီးကော်မတီများက ပူးပေါင်းဆောင်ရွက်ခဲ့သလို အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်စောင့်ရှောက်ရေးကဏ္ဍများကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကျား၊ မအခြေပြုအကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်နိုင်ရေးအတွက် (၂၄)နာရီဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေသလို ၂၀၂၂ ခုနှစ်မှစ၍ မည်သည့်ဖုန်းဖြင့်မဆို ၁၅၆၆ သို့ အခမဲ့သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်တို့ တိုးချဲ့ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း၊ ယခုနှစ်ဆောင်ပုဒ်သည် “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး”ဖြစ်ပြီး နိုင်ငံတော်အနေဖြင့် အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုမှကာကွယ်ရန်နှင့် တုံ့ပြန်မှုများဆောင်ရွက်ရန်အတွက် အသိပညာပေးခြင်းအပြင် ဘတ်ဂျက်နှင့်မူဝါဒများ ချမှတ်ဆောင်ရွက်ခြင်း၊ သုတေသနပြုခြင်း၊ စစ်တမ်းကောက်ယူခြင်း၊ လုပ်ငန်းအကောင်အထည်ဖော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်၏ အင်အားစုတစ်ရပ်ဖြစ်သည့် အမျိုးသမီးများ၏ အခန်းကဏ္ဍကိုမြှင့်တင်ပေးခြင်း၊ အမျိုးသမီးများ/အမျိုးသမီးငယ်ရွယ်များအား အကြမ်းဖက်မှုမှ ကာကွယ်စောင့်ရှောက်ပေးခြင်းတို့သည် အမျိုးသမီးများ၏ အခွင့်အရေးအပြည့်အဝရရှိစေရန် ဖြည့်ဆည်းပေးနေခြင်းဖြစ်ပြီး နိုင်ငံတော်၏ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းစဉ်များမှာ အထောက်အကူပြုနိုင်မှာဖြစ်ကြောင်းနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် အမျိုးသမီးကော်မတီဝင်များအနေဖြင့် အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့်အကြမ်းဖက်မှုများ ပပျောက်အောင် အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်သွားကြရန် အမှာစကားပြောကြားသည်။

ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးဒေါ်စိုးစိုးသက်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အမျိုးသမီးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး အသိပညာပေး Video အားကြည့်ရှုအားပေးခဲ့ကြပြီး အမှတ်တရစုပေါင်း မှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)