တောင်ငူ အောက်တိုဘာ ၂၉
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) တို့ ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် အမျိုးသားစာပေဆုရ စာရေးဆရာ ရွှေဒါးမောင်မြင့်ထွန်း ရေးသားထားသည့် “စာဖတ်ခြင်းအနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပသည်။
ရှေးဦးစွာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယကဦးမြသိန်းက အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ငူခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ဆွေဆွေမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းကျင်းပရာ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) နာယကဦးမြသိန်းက “စာဖတ်ခြင်းအနုပညာ” စာအုပ်မှ စာအုပ်ပါအကြောင်းအရာများအား ဦးဆောင်ဆွေးနွေးပြောကြားပြီး၊ (Book Club) ဥက္ကဋ္ဌ မောင်ယဥ်ထွေး(တက္ကသိုလ်)က “စာဖတ်ခြင်းနှင့်စာဖတ်ခြင်းမိတ်ဆက်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ အဖွဲ့ဝင် ပန်းချီစိုးမြင့်လေး(တောင်ငူ)က “စာဖတ်ခြင်းနှင့် ကျန်းမာခြင်း၊ စာဖတ်ခြင်းနှင့် အသိဉာဏ်” ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Women Club အဖွဲ့မှ အဖွဲ့ဝင် ဒေါ်ပွင့်ဖြူစင်သက်က “လူငယ်နှင့်စာဖတ်ခြင်း၊ စာဖတ်ခြင်းလမ်းညွှန်” ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားခဲ့ကြသည်။ ထို့နောက် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသူများက ၎င်းတို့၏ အတွေးအမြင်များကို တစ်ဦးနှင့်တစ်ဦး အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး (Book Club) နာယကဦးမြသိန်းမှ ဆွေးနွေးချက်များအပေါ် ခြုံငုံသုံးသပ်ဆွေးနွေးသည်။
တောင်ငူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်၊ စာပေချစ်မြတ်နိုးသူများ တစ်ဦးနှင့်တစ်ဦး ရင်းနှီးကျွမ်းဝင်လာစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို လစဥ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တောင်ငူခရိုင်(ပြန်/ဆက်)