မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနားနှင့် မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးကုသပေးခြင်းကို ဖြူးမြို့နယ်၌ ပြုလုပ်

ဖြူး နိုဝင်ဘာ ၂၉

မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ(၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြုလုပ်သော မြန်မာနိုင်ငံပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအခမ်းအနားနှင့် လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ မကူးစက်နိုင်သော ရောဂါများရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို ယနေ့နံနက် (၉) နာရီအချိန်မှစတင်ကာ မြို့နယ်စည်ပင်သာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အဖွင့်အမှာစကားပြောကြားပြီး ဖြူးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာအောင်ကျော်မိုးက မကူးစက်နိုင်သော ရောဂါများအကြောင်း ကျန်းမာရေးအသိပညာပေးခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ကျန်းမာရေးအတွက် စုပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

ဆက်လက်၍ ဖြူးမြို့နယ်အတွင်းရှိ သံဃာတော်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများအား မကူးစက်နိုင်သောရောဂါများ ရှာဖွေစစ်ဆေးခြင်းနှင့် ကုသပေးခြင်းလုပ်ငန်းများကို အခမဲ့ဆောင်ရွက်ပေးရာ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီချိုသွေးချိုတိုင်းတာပေးခြင်း၊ အထွေထွေရောဂါများ စမ်းသပ်စစ်ဆေးပေးခြင်း၊ ရောဂါအလိုက်ဆေးထုတ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)