ပေါင်းတည်၌ စက်ရုံအလုပ်ရုံများတွင် ကျန်းမာရေးအသိပညာပေးကွင်းဆင်း ဆောင်ရွက်

ပေါင်းတည် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့ ဆောင်ပုဒ်နှင့်အညီ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် မြို့နယ်အတွင်းရှိ နေရာအနှံ့အပြားသို့ ကျန်းမာရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်၏စီမံမှုဖြင့် ယင်းသို့ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီ၌ မြို့နယ်ကျန်းမာရေးမှူး ဦးစိုးပိုင်ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများသည် စပါးခွံလောင်စာသုံး Gasifirer အုပ်ချုပ်မှုဆိုင်ရာကော်မတီမှ နှီးနွယ်ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့က မြို့နယ်အတွင်းရှိ ဆန်စက်များသို့ကွင်းဆင်းကာ ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် ဆန်စက်လုပ်ငန်းရှင်များ၊ တာဝန်ခံဝန်ထမ်းများနှင့် စက်ရုံလုပ်သားများအား ကျန်းမာရေးအသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါဆောင်ရွက်မှုတွင် စက်မှုကုန်ထုတ်လုပ်ငန်းခွင်၌ ဘေးကင်းလုံခြုံစေရန် ကြိုတင်ကာကွယ်​ရေးဆောင်ရန်၊ ရှောင်ရန်အချက်များ၊ ပတ်ဝန်းကျင်ကျန်းမာရေးနှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးများ ဟောပြောဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သူရကြီး (ပြန်/ဆက်)