တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်း သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး

သနပ်ပင် နိုဝင်ဘာ ၂၉

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် သနပ်ပင်မြို့နယ်၊ ကျိုက်ပဒိုင်လေးကျေးရွာ၊ ကျိုက်ပဒိုင်ရေကြီးရေကွင်းအတွင်း လယ်မြေဧရိယာ(၂၀၂၀)ဧက၌ လက်ဆွဲကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က တောင်သူလယ်သမားဘဝ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေးဖြည့်ဆည်းဆောင်ရွက်ပေးနေမှု၊ မျိုး၊ မြေ၊ ရေ နည်းမှန်ကန်စွာအသုံးချနိုင်ရေးနှင့် တန်ဖိုးနည်းလက်ဆွဲကောက်စိုက်စက်များ ကျယ်ကျယ်ပြန့်ပြန့်သုံးစွဲနိုင်ရေး ဆောင်ရွက်နေမှုအခြေအနေများအားပြောကြားခဲ့သည်။ ၎င်းနောက် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စိုက်ပျိုးရေးကဏ္ဍနှင့်ပတ်သက်သည့် အသိပညာပေးခြင်းများပြောကြားခဲ့ကြရာ ဒေသခံပြည်သူများက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်အဖွဲ့သည် ကျိုက်ပဒိုင်ကွင်းအတွင်း သီးထပ်စိုက်ပျိုးနိုင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ်(၁၂၀)သန်းဖြင့် လယ်သမားတာ၌ Check Gate(ရေထိန်းအဆောက်အအုံ)တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

လှမိုး(ပြန်/ဆက်)