ဟင်္သာတ နိုဝင်ဘာ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ကံလှအုပ်စု လယ်တော်ကျေးရွာ အမှတ် ၁ မြို့ရှောင်လမ်းရှိ တောင်သူဦးဝင်းတင်ပိုင်ဆိုင်သော ကွင်းအမှတ် ၁၄၆၁၊ ဦးပိုင်အမှတ် ၁၄/၁ လယ်မြေ ၄ ဧကတွင် နိုဝင်ဘာ ၂၈ ရက်နေ့မွန်းလွဲ ၃နာရီအချိန်က ဆောင်းနေကြာ မျိုးစေ့ချ သီးသန့်စိုက်ခင်း ၌ လက်တွေ့သရုပ်ပြစိုက်ပျိုးပွဲကိုကျင်းပခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအတွင်းရေးမှူး ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးသော်ဇင်မောင်၊ တွဲဖက်အတွင်းရေးမှူးနှင့် ခရိုင်နှင့်မြို့နယ်အဆင့် ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များ၊ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ကျေးရွာအုပ်စုများမှ အုပ်ချုပ်ရေးမှူးများနှင့်ဒေသခံ တောင်သူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြသည်။
အဆိုပါ ဆောင်းနေကြာ မျိုးစေ့ချစိုက်ပျိုးပွဲတွင် Super Sun 66 နေကြာမျိုးကို ဟင်္သာတမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှူး ဦးမျိုးမင်လွင်ဦးနှင့်ဝန်ထမ်းများက ဦးဆောင်ကြီးကြပ်၍ လက်တွေ့ စိုက်ပျိုး ခဲ့ကြကြောင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် စိုက်တိုးမြှင့်အဖွဲ့ဝင်များက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းလမ်းညွှန်ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)