တိုင်းဒေသကြီးဝန်ကြီးချုပ် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲအခမ်းအနားနှင့် နေကြာမျိုးစေ့၊ ပိုက်ဆံလျှော်မျိုးစေ့ စိုက်ပျိုးခြင်းအခမ်းအနားများသို့ တက်ရောက်

ပုသိမ် နိုဝင်ဘာ ၂၉

ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းမှ ကြီးမှူးကျင်းပသော အရှိုချင်းရိုးရာကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အင်္ဂပူမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားခန်းမ၌ ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ သဘာပတိက မင်္ဂလာမောင်းသုံးချက်တီး၍ အခမ်းအနားကို ဖွင့်လှစ်ပေးပြီးနောက် ချင်းရိုးရာပဆန်းဆရာက ရိုးရာမပျက် ပဆန်းဖွယ်ခြင်းကို ဆောင်ရွက်ခဲ့ပြီးနောက် သဘာပတိက မိန့်ခွန်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ချင်းတိုင်းရင်းသားများ အများစု မှီတင်းနေထိုင်ကြသည့် ကြံခင်း၊ မြန်အောင်၊ အင်္ဂပူမြို့နယ်များကို အခြေခံပြီး အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော်နှင့် သက်ကြီးဘိုးဘွားပူဇော်ကန်တော့ပွဲကို အင်္ဂပူမြို့၌ ရိုးရာအစဉ်လာမပျက် ကျင်းပခြင်းဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကျင်းပဆောင်ရွက်နိုင်ခြင်းသည် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် နယ်မြေဒေသ၏ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှုများကြောင့်လည်းဖြစ်ပါကြောင်း၊ မိမိအနေဖြင့် ဒေသအသီးသီးသို့ သွားရောက်တာဝန်ထမ်းဆောင်ခဲ့သည့် အခါတွင်လည်း ​ဒေသခံတိုင်းရင်းသားတို့၏ ကောင်းမွန်သည့် ယဉ်ကျေးမှုအစဉ်အလာ၊ ဓလေ့စရိုက်များကိုလည်း များစွာလေ့လာသိရှိခဲ့ရပါကြောင်း၊ မိမိတို့ ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံ မှီတင်းနေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့် တိုင်း​ဒေသကြီးအတွင်း မှီတင်​နေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားစာ​ပေသင်ကြား​ရေး၊ တိုင်းရင်းသားရိုးရာဓ​လေ့ပွဲ​တော်များ၊ ​နေ့ထူး​နေ့မြတ်များနှင့် တိုင်းရင်းသား​ရေးရာကိစ္စရပ်များအား အစဥ်အလာမပြတ် ကျင်းပနိုင်စေ​ရေး ​ဆောင်ရွက်​ပေးလျက်ရှိပါ​ကြောင်း၊ မြန်အောင်ခရိုင်သည် စိုက်ပျိုးရေးဖြစ်ထွန်းအောင်မြင်သကဲ့သို့ ဆီထွက်သီးနှံစိုက်ပျိုးမှုသည်လည်း စံထားရသည့် ခရိုင်တစ်ခုဖြစ်ပါကြောင်းနှင့် ယခုကဲ့သို့ ဖြစ်ထွန်းအောင်မြင်မှုများသည် ​ဒေသခံတိုင်းရင်းသားများအားလုံးက တက်ညီလက်ညီ ပူးပေါင်းပါဝင်စိုက်ပျိုးခြင်းကြောင့်ဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်း​ဒေသကြီးအစိုးရအဖွဲ့​အ​နေဖြင့် ကျေးလက်​နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ဌာနဆိုင်ရာများ၊ တိုင်းရင်းသားပြည်သူများကလည်း တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြစေလိုကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားသည်။

ဆက်လက်၍ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက နှုတ်ခွန်းဆက်စကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက အရှိုချင်းရိုးရာကောက်သစ်စားပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြသည်။ ထို့နောက် သက်ကြီးဘိုးဘွားများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ကန်တော့ငွေများ ပေးအပ်ခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားများ ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းက ချင်းရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူးနှင့် ဇနီး၊ တိုင်းရင်းသားရေးရာဝန်ကြီးတို့က ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့​နောက် အရှိုချင်းရိုးရာ​ကောက်သစ်စားပွဲ​တော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်  ဇနီးနှင့် တာဝန်ရှိသူများက ​ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ ​နေ့လယ်စာ အတူတကွ သုံးဆောင်ခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် အင်္ဂပူမြို့နယ်၊ အောက်ရွာကြီးကျေးရွာအုပ်စုရှိ တောင်သူဦးရာဇာအောင်၏ လယ်​မြေ၌ပြုလုပ်သည့် နေကြာမျိုးစေ့ထုတ်စိုက်ခင်းအား ဆင်းရွှေကြာ(၂)နေကြာမျိုးစေ့ချ စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးပြီး ဖြစ်ထွန်း​အောင်မြင်​​အောင် စိုက်ပျိုးရန်နှင့် ​နေကြာမျိုး​စေ့ ရွေးထုတ်မှုများကို မှတ်တမ်းထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။ ထို့နောက် အင်္ဂပူမြို့နယ်၊ ရွှေ​ညောင်ပင်ကျေးရွာသို့ သွားရောက်၍ တောင်သူဦးတက်တိုး၏ ပန်းဂေါ်ဖီ၊ ငရုတ်၊ ခရမ်း၊ ​ပြောင်း၊ သခွား၊ ကွမ်း၊ ဂန္ဓမာ၊ နှင်းပန်း စိုက်ခင်းများ ဖြစ်ထွန်း​နေမှုကို ကြည့်ရှအား​ပေးခဲ့ပြီး ​စျေးသို့တင်ပို့​​ရောင်းချရမှု၊ ဝင်​ငွေရရှိမှုများအား ​မေးမြန်းခဲ့သည်။

ဆက်လက်၍ အင်္ဂပူမြို့နယ်၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီး ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ပဆင-ရွှေတောင်စု-ကညင်ဆိပ်လမ်း (၀မိုင် ၇. ၃၁၈ဖာလုံ) ကျောက်ချောခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အ​ခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ​ရွှေ​တောင်စု​ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တိုင်း​ဒေသကြီးရန်ပုံ​ငွေဖြင့် ​ဆောင်ရွက်သည့် ကွန်ကရစ်ဘီးလမ်းခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်​ဆေးရာ တိုင်း​ဒေသကြီး​ကျေးလက်ဒေဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန၊ ဒုတိယညွှန်ကြား​ရေးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးမှုများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းအား မော်တော်ယာဥ်များဖြင့် လှည့်လည်ကြည့်ရှု စစ်​ဆေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ပန်းတောကြီးကျေးရွာရှိ တောင်သူ ဦး​ရွှေဝင်း​မောင်၏ လယ်​မြေ(၂)ဧက၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်အတွက် မျိုးစေ့ပေးအပ်ပွဲနှင့် ထွန်ယက်စိုက်ပျိုးပွဲသို့ တက်ရောက်၍ တောင်သူများထံသို့ မျိုးစေ့များ ပေးအပ်ခဲ့ပြီး ပိုက်ဆံလျှော် စုပေါင်းထွန်ယက်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)