တောင်ငူ နိုဝင်ဘာ ၂၉
၂၀၂၃ ခုနှစ်၊ ပြည်သူ့ကျန်းမာရေး ပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် “လူတိုင်းသက်ရှည်ကျန်းမာဖို့ ပြည်သူ့ကျန်းမာရေးမြှင့်တင်စို့” ဆောင်ပုဒ်နှင့်အညီ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာဌေးမင်းနှင့် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများသည် တောင်ငူမြို့၊ ကေတုမတီဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများကို ယမန်နေ့၊ နေ့လယ် (၁)နာရီအချိန်က ကေတုမတီဘိုးဘွားရိပ်သာခန်းမ၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့သည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ဌေးမင်းနှင့် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကေတုမတီဘိုးဘွားရိပ်သာရှိ အဘိုး (၆)ဦး၊ အဘွား (၃၂)ဦးနှင့် ရိပ်သာဝန်ထမ်း (၁၂)ဦး၊ စုစုပေါင်း (၅၀)ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချို၊ သွေးချိုရောဂါ၊ သွေးတိုးရောဂါ စစ်ဆေးကုသပေးခြင်းနှင့် ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ဇော်ကိုကို (ပြန်/ဆက်)