နတ်မောက်မြို့နယ်၌ ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နတ်မောက်  နိုဝင်ဘာ ၂၉

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန့်စင်က ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်သည့်အတွက် မီးဘေးလုံခြုံရေးအတွက် အထူးဂရုပြုဆောင်ရွက်ရန်၊ မီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် လိုအပ်သည့် မီးသတ်ဆေးဘူးများ၊ ရေပုံး၊ မီးချိတ်၊ မီးကတ်များ၊ လှေခါးများ၊ သဲအိတ်များ မိမိတို့၏ ရုံးမျက်နှာစာနှင့် အိမ်များတွင် ထားရှိရန်၊  စားသုံးဆီများ သတ်မှတ်ဈေးနှုန်းဖြင့် ဝယ်ယူရောင်းချနိုင်ရေး မြို့နယ်ဆီကုန်သည်များအသင်းဖြင့် ပူးပေါင်း၍ ဆောင်ရွက်နေမှုအား ပူးပေါင်းဆောင်ရွက်ရန်၊ ဌာနဆိုင်ရာများအနေဖြင့် ခွင့်ပြုငွေဖြင့် တည်ဆောက်လျက်ရှိသည့် အဆောက်အဦးများ သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း အပြီးဆောင်ရွက်ရန်၊ သက်ဆိုင်ရာစုရပ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံရန်အတွက် ပူးပေါင်းဆောင်ရွက်ရန်၊  အပတ်စဉ် သောကြာနေ့တိုင်း ဌာနဆိုင်ရာများ သတ်မှတ်နေရာများတွင် သန့်ရှင်းရေးပူးပေါင်းဆောင်ရွက်ရန်၊ မိမိလုံခြုံရေးနှင့် ရုံးလုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ရန်နှင့် နယ်မြေလုံခြုံရေးကိစ္စများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် နယ်မြေကွင်းဆင်းရာတွင် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ကြရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် ဌာနဆိုင်ရာများကလည်း မိမိတို့ဌာနအလိုက် တင်ပြဆွေးနွေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက တင်ပြချက်များကို ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။

လှဝင်း