မကွေး နိုဝင်ဘာ ၂၉
မကွေးတိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ (၅/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်၊ ကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်နှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က “မကွေးတိုင်းဒေသကြီးအတွင်း ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရီးသွားဆွဲဆောင်မှု နေရာများတွင် သန့်ရှင်းသာယာလှပစေရေးနှင့် ခရီးသည်များကို ပိုမိုဆွဲဆောင်မှုရှိစေရန် ဌာနဆိုင်ရာအားလုံး ပူးပေါင်း၍ အပတ်စဉ်၊ လစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိတို့ဒေသမှာရှိတဲ့ ထင်ရှားကျော်ကြားသော မကွေးမြသလွန်ဘုရားပွဲတော်ကိုလည်း ယခုနှစ်ဝါကျွတ်ကာလ (၂၄.၁၀.၂၀၂၃)မှ (၁၂.၁၁.၂၀၂၃)ထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပေးနိုင်ခဲ့လို့ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ ပျော်ရွှင်စွာ လာရောက်လည်ပတ်ခဲ့ကြကြောင်း၊ ယခုကဲ့သို့ ပွဲတော်များ၊ ကြော်ငြာမြှင့်တင်မှုများ ဆောင်ရွက်နိုင်ခဲ့လို့ ယခုနှစ်အောက်တိုဘာလ၊ တစ်လအတွင်း ခရီးသည်ဝင်ရောက်မှုဟာ ယခင်နှစ်ထက် ၃၇% တိုးတက်ခဲ့ပါကြောင်း၊ ဧည့်သည်တည်းခိုနေထိုင်မှုအနေဖြင့် ၂၀၂၃ ဇန်နဝါရီလမှ အောက်တိုဘာလထိကို (ဝ.၈၇)သန်းဝင်ရောက်တည်းခိုသဖြင့် ယခင်နှစ် ၂၀၂၂ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၁ % ပိုမိုတိုးတက်လာခဲ့ကြောင်း၊ ခရီးစဉ်ဒေသအသီးသီးသို့လည်း ပြည်တွင်းပြည်ပ ဧည့်သည်လည်ပတ်မှုအနေနဲ့ ၂၀၂၃ခု ဇန်နဝါရီလမှ အောက်တိုဘာလအထိ (၁.၅)သန်း ဝင်ရောက်ခဲ့တဲ့အတွက် ယခင်နှစ်ထက် ၅၃% တိုးတက်ရရှိခဲ့ကြောင်း၊ မကွေးတိုင်းဒေသကြီးရဲ့ ခရီးစဉ်များအား ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ ပိုမိုသိရှိနိုင်စေရန်အတွက် တိုင်းဒေသကြီး ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ စီစဉ်မှုနှင့် တာဝန်ရှိသူများ ပူးပေါင်း၍ ထိုင်းနိုင်ငံမှ ခရီးသွားဧည့်သည်(၄)ဦးကိုလည်း ရန်ကုန် - မကွေး -မင်းဘူး မင်းလှ-ရေနံချောင်းခရီးစဉ် (၂၇.၇. ၂၀၂၃)ရက်နေ့မှ(၃၁.၇.၂၀၂၃) ရက်နေ့ထိ Fam Trip အဖြစ် စီစဉ်ပေးခဲ့သဖြင့် ထိုင်းခရီးသွား ဈေးကွက်နှင့် ပြည်တွင်းဈေးကွက်ကို ကြော်ငြာရုံသာမက မကွေးတိုင်းဒေသ၏ ဘာသာရေး၊ ရှေးဟောင်းယဉ်ကျေးမှု၊ သဘာဝအလှအပများကို ပိုမိုသိရှိစေနိုင်ခဲ့ကြောင်း၊ ဒါ့အပြင် ရေနံချောင်းမြို့မှ ထင်ရှားသော ဂျပ်ကြားဒေသမှာရှိတဲ့ သဘာဝသဲနုတောင်ကြားလမ်းတွင် စက်ဘီးစီးခရီးစဉ် Sport Tourism ကိုလည်း မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်းကို သိရှိရပါကြောင်း၊ ခရီးစဉ်ဒေသများ၏ အခြေခံအဆောက်အဦများ ကောင်းမွန်စေရေးနှင့် ခရီးစဉ်မြှင့်တင်ကြော်ငြာခြင်းများသာမက ခရီးသွားကဏ္ဍလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်လည်း ၂၀၂၃ခုနှစ် ဩဂုတ်လအတွင်း ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်း(၃)မျိုးကို သင်တန်းသား (၈၅)ဦးနှင့်လည်းကောင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ဟိုတယ်ဆိုင်ရာ စီမံခန့်ခွဲမှုဆိုင်ရာအုပ်ချုပ်မှုသင်တန်းကို သင်တန်းသား(၂၁)ဦးဖြင့်လည်းကောင်း မကွေးမြို့၌ ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးရဲ့ အငွေ့အသက်ပုံရိပ် ထင်ဟပ်စေရန်အတွက် ဟိုတယ်လုပ်ငန်းများမှာ ဒေသထွက်ဇီးသီး၊ ဇီးယိုများ၊ မန်ကျည်းဖျော်ရည်များနဲ့ ဒေသထွက်ဆေးလက်ဘက်ရည်များကို ဧည့်သည်ကြိုဆိုဧည့်ခံရေးမှာ အသုံးပြုရန် ညွှန်ကြားထားရှိလို့ ဟိုတယ်များကလည်း လိုက်နာဆောင်ရွက်လျက်ရှိတာကို တွေ့ရှိရပါကြောင်းနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဆက်စပ်ဌာနဆိုင်ရာများနှင့်ပူးပေါင်းပြီး လိုက်နာဆောင်ရွက် အကောင်အထည်ဖော်သွားကြဖို့ ပြောကြားလိုကြောင်း” စသည်ဖြင့် ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဒုတိယဥက္ကဋ္ဌ၊ စီးပွားရေးရာဝန်ကြီးဦးအောင်ချိန်က “ဝန်ဆောင်မှု Service သည် ခရီးသွားဧည့်သည်များအတွက် လွန်စွာအရေးကြီးလှသဖြင့် တန်ဖိုးမြှင့်ဝန်ဆောင်မှုများကို ဂရုတစိုက်ဆောင်ရွက်ရန် မကွေးတိုင်းရှိ ခရီးစဉ်အား ထပ်ခါထပ်ခါလာလည်စေရန် ဖန်တီးပေးရမည်ဖြစ်ပြီး၊ ဒေသကို လာလည်တည်းခိုစားသောက်ကြတဲ့ ဧည့်သည်များရဲ့ လိုအပ်ချက်၊ လိုလားချက်များကိုလည်း မေးမြန်း၍ မြှင့်တင်ရေးများကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ဒေသကို ပိုမိုသိရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့ဒေသမှာရှိတဲ့ ထူးခြားမှုများ၊ ထုတ်ကုန်များကို အခြေခံ၍ လူအများစိတ်ဝင်စားအောင် နည်းပညာအကူအညီဖြင့် ပြုလုပ်ခြင်း အတွေ့အကြုံအသစ်များရရှိရန် လာရောက်စေခြင်းတို့ကို စီမံသွားရမှာဖြစ်သလို လာမယ့် ဒီဇင်ဘာအားလပ်ရက်များနှင့် နှစ်သစ်ကူးပွဲတော်များ ပွင့်လင်းရာသီတွင် ပြုလုပ်မယ့် မန်းရွှေစက်တော်ဘုရားပွဲတို့ကို လာရောက်အပန်းဖြေလည်ပတ်မည့် ဧည့်သည်များကို ဝန်ဆောင်မှုမြှင့်တင်စေရေး ကြိုတင်ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မကွေးတိုင်းရဲ့ ထူးခြားလှတဲ့ ယဉ်ကျေးမှု၊ သမိုင်း၊ သဘာဝပတ်ဝန်းကျင်နှင့် မြေလတ်ပိုင်းရေနံမြေအလှအပတို့ဖြင့် ဘာသာတရားထွန်းကားပြီး ကျေးလက်ရိုးရာ အစားအသောက်များ ပေါကြွယ်လှတဲ့ ခရီးစဉ်ဒေသ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ကြဖို့” ပြောကြားလိုပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ထို့နောက် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီအတွင်းရေးမှူး၊ ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးက ရေနံချောင်းသဘာဝဂျပ်ကြား (နတ်ကန်ဦးကျေးရွာအနီး) Adventure Sports လူထုအားကစားလှုပ်ရှားမှုပြိုင်ပွဲကျင်းပနိုင်ရေး၊ မကွေးတိုင်းဒေသကြီး ခရီးသွားလုပ်ငန်းဖိုရမ်ကျင်းပနိုင်ရေး ခရီးစဉ်ဒေသမြှင့်တင်ကြော်ငြာခြင်းအတွက် လူမှုကွန်ယက်များတွင် ပိုမိုကျယ်ပြန့်စေရေးအတွက် Boosting ပြုလုပ်ခြင်း Tourism Promotion Budget ရရှိရေး ဆောင်ရွက်နိုင်မည့်နည်းလမ်းများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဖွင့်လှစ်မည့်သင်တန်းများနှင့် ဟိုတယ်/မိုတယ် (တည်းခိုရိပ်သာ) များ၏ ဧည့်စာရင်းဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခြင်းနှင့် ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီဝင်များမှ ဆွေးနွေးတင်ပြခြင်းများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ