ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်နေမှု မကြာမီ ပြီးစီးတော့မည်

ပွင့်ဖြူ နိုဝင်ဘာ ၂၉

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာရှိ ဒေသခံကျေးလက်နေပြည်သူများ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် လမ်းအရှည်ပေ ၁ မိုင်အား ကျေးလက်ကုန်ထုတ်လမ်းအဖြစ် အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်လျက်ရှိရာ မကြာမီ လုပ်ငန်းပြီးစီးတော့မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ သိရသည်။

အဆိုပါ ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဖောက်လုပ်ဆောင်ရွက်ခြင်းကို ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ ပြည်ထောင်စုရန်ပုံငွေကျပ် ၅၁ ဒသမ ၁ သန်းဖြင့် လမ်းအရှည်ပေ ၁ မိုင်အား လမ်းအကျယ် ၁၂ ပေ၊ လမ်းအမြင့် ထု တစ်ပေ ၉ လက်မ မြေနီကျောက်စရစ် ကျောက်ရောမြေခင်းခြင်းအမျိုးအစား ကျေးလက်ကုန်ထုတ်လမ်းကို ဇွန်လ ၁၈ ရက်နေ့က စတင်၍ တင်ဒါအောင်မြင်သည့် မင်းဘူးမြို့ တော်ဝင်ထွန်းကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုလက်ရှိတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှုမှာ ၉၀ ရာခိုင်နှုန်းခန့် ဖောက်လုပ်ပြီးစီးသွားပြီဖြစ်၍ မကြာမီ လုပ်ငန်းပြီးစီးတော့မည်ဖြစ်ကာ ယင်းကျေးလက်ကုန်ထုတ်လမ်းအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီစေရန်အတွက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ခံ အင်ဂျင်နီယာများက ကွင်းဆင်းကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ပြီးစီးပါက အကျိုးပြုအိမ်ခြေ ၇၉၀ ရှိ လူဦးရေ ၃၆၃၉ ဦး၏ စိုက်ပျိုးလယ်မြေဧက ၇၀၀ အတွက် ရာသီမရွေး အဆင်ပြေစွာ သွားလာစိုက်ပျိုးလုပ်ကိုင်နိုင်မည့်အပြင် လယ်ယာထွက်ကုန်သီးနှံများကိုလည်း ဈေးကွက်သို့ အချိန်ကုန် လူပင်ပန်းသက်သာစွာဖြင့် တင်ပို့ရောင်းချသွားနိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင်က ပြောပြ၍ သိရသည်။   

ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ရာသီအလိုက် သီးနှံများစိုက်ပျိုးရာတွင် အဆင်ပြေချောမွေ့စွာ စိုက်ပျိုးသွားနိုင်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၄)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )