လက်ပံတန်း နို၀င်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ဒေသခံတောင်သူများ စိုက်ပျိုးသီးနှံများရောဂါနှင့် ပိုးမွှားကျရောက်ခြင်းမှကာကွယ်နိုင်ရေး၊ သီးနှံများအထွက်တိုးပြီး ဝင်ငွေပိုမိုရရှိနိုင်ရန်ရည်ရွယ်၍ စိုက်ပျိုးရေးဆိုင်ရာနည်းပညာများနှင့်ပတ်သက်သည့် နည်းပညာပေးသင်တန်းကို ယနေ့မွန်းလွဲ(၁)နာရီက ချမ်းသာကုန်းကျေးရွာအုပ်စု စိုက်ပျိုးရေးအထွက်တိုးစခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်က အဖွင့်အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးဉာဏ်မြင့်နှင့်ဝန်ထမ်းများက ပိုးသတ်ဆေးနှင့်ဓာတ်မြေသြဇာသုံးစွဲရန် နည်းလမ်းများ၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲသည့် နည်းလမ်းများနှင့် အခြားစိုက်ပျိုးရေးနည်းပညာများကို ဆွေးနွေးပြီး ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးသည့်နည်းစနစ်များကို Projector ဖြင့် ရှင်းလင်းပြသဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းသို့ ကျွန်းကလေး၊ ချမ်းသာကုန်း၊ ကြို့ပင်စခန်းနှင့် ကွမ်းခြံကျေးရွာအုပ်စုများမှ တောင်သူ ၃၀ ဦးတက်ရောက်ပြီး တောင်သူများက သိလိုသည်များတင်ပြဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)