ဘိုကလေး နိုဝင်ဘာ ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်အား နှစ်စဉ်အစဉ်အလာမပြတ် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ရာ ယခုနှစ် (၃၇)ကြိမ်မြောက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်တတိယနေ့ တန်ဆောင်မုန်းလပြည့်နေ့ညတွင် နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားများအား ပန်း၊ သစ်သီး၊ ရေချမ်း၊ ဆီမီးဆက်ကပ်ကြသူများ၊ ပူဇော်ဖူးမြော်သူများဖြင့် စည်ကားသိုက်မြိုက်ခဲ့သည်။
နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်ဘုရားများသည် တန်ဆောင်မုန်းလပြည့်နေ့၌ အမှတ်(၁)၊ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)၊ အမှတ်(၅)ရပ်ကွက်တို့အတွင်း ဒေသစာရီ ကြွချီ အပူဇော်ခံခဲ့ကြပြီး ကြွချီရာ လမ်းတစ်လျှောက်တွင် ဘုရားဒါယိကာ၊ ဒါယိကာမများမှ မြတ်ဘုရားများအား ပန်း၊ ရေချမ်း၊ ဆီမီး၊ သစ်သီးနှင့် လှူဖွယ်ဝတ္ထုအစုစုတို့အား လှူဒါန်းခဲ့ကြသည့်အပြင် ဥပသကာ ဂေါပကများကိုလည်း အာဟာရဒါနများ ကျွေးမွေး လှူဒါန်းခဲ့ကြသည်။
မြို့နယ်လုံးဆိုင်ရာ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်အား တန်ဆောင်မုန်းလဆန်း (၁၃)ရက်နေ့မှ လပြည့်ကျော်(၂)ရက်နေ့ထိ (၅)ရက်တိုင်တိုင် ကျင်းပမည်ဖြစ်ပြီး ဘိုကလေးမြို့နယ်၏ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို ထေရဝါဒဗုဒ္ဓသာသနာတော် အဓွန့်ရှည်တည်တံ့ခိုင်မြဲထွန်းကားရေး၊ အစဉ်အလာကောင်း တစ်ရပ်ဖြစ်သည့် မြို့နယ်ဘာသာရေး၊ သာသနာရေး လုပ်ငန်းတစ်ရပ်အဖြစ် ဗုဒ္ဓဘာသာဝင် သူတော်စဉ်များ ကြည်ညိုပူဇော်သဒ္ဓါတရားပွားများ၍ ကုသိုလ်တရားများ တိုးပွားစေရေး၊ မြို့နယ်အတွင်း ကပ်ကြီး(၃)ပါးနှင့် မီဘေး၊ ရေဘေး၊ လေဘေးစသည့် သဘာဝဘေးအန္တရာယ်အသွယ်သွယ်တို့မှ ကင်းဝေးစေရေးနှင့် ဘာသာရေးတွင် စိတ်ပါဝင်စားသူပြည်သူများ ညီညွတ်စွာ ပူးပေါင်းပါဝင်လာစေရေးတို့ကို ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျင်းပရေးကော်မတီထံမှ သိရသည်။
မိုးစက်(ဘိုကလေး)