မအူပင်မြို့တွင် ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန် ဆောင်ရွက်ရေး အသိပညာပေး (IZa! Kaeru Caravan) အခမ်းအနားကျင်းပ

မအူပင် နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကလေးသူငယ်များအတွက် သဘာဝ ဘေးအန္တရာယ်ကာကွယ်လျှော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး (IZa! Kaeru Caravan) အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက ပညာခေတ် ကိုယ်ပိုင်အထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးမှ အဖွင့်အမှာစကားပြောြကားရာတွင် ဧရာဝတီတိုင်းဒေသကြီးဟာ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ရန် အလားအလာမြင့်မားတဲ့ ဒေသတစ်ခု ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြုံတွေ့ခဲ့ရမှုအနေနှင့် ၂၀၀၈ခုနှစ်၊ မေလ(၂)ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ကြောင်း အဖွင့်အမှာစကား ပြောကြားပြီး ခရိုင်မီးသတ်ဦးစီးမှူး ဦးစိုးမိုးထွန်းမှ အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များ ဖြစ်သည့် မီးသတ်တပ်ဖွဲ့အနေဖြင့် မီးဘေးအန္တရာယ်အပါအဝင်၊ အခြားဘေးအန္တရာယ်များ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ၊ အသိပညာပေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်လျက် ရှိကြောင်း၊ ယခု ကျောင်းသား/သူများဖြင့် ဆောင်ရွက်မည့် Game ကစားနည်းများဟာ အာရှနှင့် အာစီယံဒေသတွင်း နိုင်ငံများမှာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိတဲ့ အစီအစဉ်တစ်ရပ် ဖြစ်ကြောင်းရှင်းလင်း ပြောကြားသည်။ ဆက်လက်၍ ပညာခေတ်ကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးသိန်းထွန်းမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။  ၎င်းနောက်တာဝန် ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကစားမည့် အသိပညာပေး Game ကစားနည်းပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြရာ ခရိုင်မီးသတ်ဦးစီးမှူးမှ ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ အသင်းအဖွဲ့များ တက်ရောက်ခဲ့ကြပြီး ကျောင်းသား/သူများ လက်တွေ့ Game ကစားနေမှုများအား ကြည့်ရှုအားပေးခဲ့ကြသည်။ ဆက်လက်၍ Game ကစားနည်းတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)