ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် မောင်မယ်သစ်လွင်ကြိုဆိုပွဲ ကျင်းပ

ဘိုကလေး နိုဝင်ဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ရှိ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယနေ့နံနက် (၉)နာရီအချိန်၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၁၀/၂၀၂၃)နှင့် လေးနှစ်သင်တန်း ပထမနှစ် (ပထမနှစ်ဝက်) ကျောင်းသား/သူများ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား ကျင်းပဆောင်ရွက်သည်။

အခမ်းအနားသို့ ဖျာပုံခရိုင်၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဌေးမောင်၊ ဘိုကလေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ၊ ဦးကံဝင်းနှင့် အဖွဲ့ဝင်များ၊ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊ ကျောင်းသား/သူများ တက်ရောက်ကြပြီး အခမ်းအနားတွင် ဖျာပုံခရိုင်၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးဌေးမောင်က ကလေးငယ်များ၏ ပညာရေးနှင့် အနာဂတ်ဘဝတိုးတက် မြင့်မားရေးအတွက် ဆရာ/မများတွင် တာဝန်ရှိသောကြောင့် ယခုသင်တန်းသို့ တက်ရောက်သူများအနေဖြင့် ဇွဲ၊ လုံ့လ၊ ဝီရိယထား၍ ကြိုးစားအားထုတ်ကြရန် လိုအပ်ကြောင်း၊ “ဆရာကောင်းတပည့် ပန်းကောင်းပန်”ဆိုသကဲ့သို့ မိမိတို့ကိုယ်တိုင်လည်း တပည့်များ၏ စံပြနမူနာထားစရာအဖြစ် ပြုမူပြောဆိုနေထိုင်ကြပြီး ပညာပြည့်ဝ၊ နှလုံးလှသော အနာဂတ်သားကောင်းရတနာ တပည့်ကောင်းများ မွေးထုတ်ပေးရန်လိုအပ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းသို့ လာရောက်တက်ရောက်ကြသော ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲ၊ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ မော်လမြိုင်ကျွန်း၊ မြန်အောင်၊ အင်္ဂပူ၊ ဇလွန်၊ ဟင်္သာတ၊ ပုသိမ်၊ ငပုတော၊ သာပေါင်း၊ ကျုံပျော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ လေးမျက်နှာ၊ ရေကြည်၊ ကြံခင်း၊ ပုတီးကုန်း၊ မင်းလှ၊ အောင်လံ၊ ကော့မှူးမြို့နယ်များမှ သင်တန်းသား/သူများမှ မြို့နယ်အလိုက် မိတ်ဆက်ခဲ့ကြသည်။

ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ယခုဖွင့်လှစ်သော လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT အမှတ်စဉ် (၁၀/၂၀၂၃)သင်တန်းအား ယခုလ နိုဝင်ဘာ (၂၃)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး သင်တန်းအား  ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၀)ရက်နေ့အထိ၊ လေးနှစ်သင်ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းအား ယခုလ နိုဝင်ဘာ (၂၃)ရက်နေ့မှ စတင်ဖွင့်လှစ်ပြီး သင်တန်းအား ၂၀၂၄ ခုနှစ် မတ်လ (၂၈)ရက်နေ့အထိ တက်ရောက်ရမည်ဖြစ်ကြောင်းနှင့် PPTTအမှတ်စဉ် (၁၀/၂၀၂၃)သင်တန်းအား သင်တန်းသား/သူ (၃၀၈)ဦး၊ လေးနှစ်သင်ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းအား သင်တန်းသား/သူ (၈၈)ဦး တက်ရောက်ကြကြောင်း သိရသည်။

မိုးစက်(ဘိုကလေး)