ကျုံပျော် နိုဝင်ဘာ ၂၈
မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်သည့် တိုင်ဆောင်တိုင်ကာလ ဆီမီးထွန်းပွဲတော်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအသီးသီး၌ ဆီမီးထွန်းပွဲနှင့် ပျော်ပွဲရွှင်ပွဲများ ပျော်ရွှင်စွာ ကျင်းပကြကြောင်း သိရသည်။
ထိုသို့ကျင်းပရာတွင် မြို့နယ်အတွင်းရှိ စေတီတော်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နှင့်ကျေးရွာ နေအိမ်များ၌ ဆီမီးများ၊ လျှပ်စစ်ရောင်စုံမီးများ ထွန်းညှိပူဇော်ကြပြီး၊ ဆီမီးလှည့်ပွဲ၊ ချောတိုင်တက်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ စတုဒီသာ အလှူပွဲများဖြင့် ရပ်ကွက်နှင့် ကျေးရွာအသီးသီး၌ ပျော်ရွှင်စွာ ဆင်နွဲခဲ့ကြကြောင်း သိရသည်။
စတုဒီသာ ကျွေးမွေးလှူဒါန်းရာတွင် ဘုရားစေတီများ၊ ဘုန်းတော်ကြီးကျောင်းများတွင် အလှူရှင်များက လှူဒါန်းမှုများရှိသကဲ့သို့ ရပ်ကွက်ကျေးရွာများတွင် အိမ်အသီးသီးက မဲစနစ်များဖြင့် ပျော်စရာအဖြစ် ဖန်တီးကာ နိဗ္ဗာန်ဈေးအဖြစ် လှူဒါန်းကြကြောင်း၊ လှူဒါန်းရာတွင် မြန်မာ့ရိုးရာမုန့်များ၊ အခြား အစားအစာများအပြင်၊ ဆန်၊ ဆီ၊ ဆေး၊ ဆားများပါ ထည့်သွင်း လှူဒါန်းကြကြောင်း သိရသည်။
"ကျွန်မတို့ မိသားစုက ဒီနိဗ္ဗာန်ဈေးပွဲတော် ကျင်းပရင် အမြဲလှူပါတယ်၊ မြန်မာ့ရိုးရာ ချစ်စရာ့ဓလေ့အဖြစ် နောင်လာနောင်သားတွေကိုလည်း သိစေချင်တယ်၊ ဒီရိုးရာဓလေ့လေးကိုလည်း ဆက်ပြီး ထိန်းစေချင်တဲ့ စေတနာလည်း ပါပါတယ်" ဟု တေဇရပ်ကွက်မှ အလှူရှင်တစ်ဦးက ဆိုပါသည်။
အဆိုပါ နိဗ္ဗာန်ဈေးအလှူကို တန်ဆောင်မုန်းလဆန်း ၁၄ ရက်မှ တန်ဆောင်မုန်းလပြည့်ကျော် ၁ ရက်နေ့အထိ (၃)ရက်တိုင်တိုင် ကျင်းပပြုလုပ်ကြပြီး၊ ပံ့သကူပစ်ပွဲကိုလည်း တန်ဆောင်မုန်းလပြည့်ညတွင် နှစ်စဉ်ပြုလုပ်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)