ဒိုက်ဦး နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃)အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် ဒိုက်ဦးမြို့နယ် ပြည်သူ့ကျန်းမာရေးဝန်ထမ်းများသည် မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သင်းသင်းခိုင်နှင့် အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက အမှတ်-၁ အခြေခံပညာအထက်တန်းကျောင်း၊ အောင်ရတနာခန်းမ၌ ကျောင်းသား/သူများအား သွားဘက်ဆိုင်ရာဆရာဝန် ဒေါက်တာထင်လင်းဦးမှ ခံတွင်းနှင့်သွားဘက်ဆိုင်ရာနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်း၊ ဘောနီကျေးရွာကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ်နန်းယုဝေက သွေးလွန်တုပ်ကွေးရောဂါကာကွယ်နည်းနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးအကြောင်း အရာများဟောပြောပြီးနောက် လက်ဆေးနည်းသရုပ်ပြခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးများ ဆောင်ရွက်ပေးခြင်း၊ ဖုံး၊ သွန်၊ ခပ်၊ စစ်လုပ်ငန်းများပြုလုပ်ခြင်း၊ ကာယနှင့်အားကစားလေ့ကျင့်ခန်းများပြုလုပ်ခြင်း၊ ကျောင်းမုန့်စျေးဆိုင်တန်းများ စစ်ဆေးခြင်း၊ သွားနှင့်ခံတွင်းစစ်ဆေးခြင်းနှင့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)