ရွှေတောင် နိုဝင်ဘာ ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ကသဲတန်းလမ်း သာသနာဗိမာန်တော်ကြီးတွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရွှေတောင်မြို့နယ်အတွင်း ဒေသခံအလှူရှင်များ စုပေါင်း၍ ယမန်နေ့ နေ့လယ်ပိုင်းက ဂန္ဓာရုံကျောင်းတိုက်ဆရာတော်များဦးစီး၍ (၃၉)ကြိမ်မြောက်(မိုးကျ) စုပေါင်းဘုံကထိန်လှူဒါန်းပွဲ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာ တော်အရှင်သူမြတ်များနှင့် ကထိန်အလှူရှင် ဒါယိကာ/ဒါယိကာမ အပေါင်းတို့မှ "နမောတဿ သုံးကြိမ်ရွတ်ဆို "၍ အခမ်းအနားဖွင့်လှစ်ပြီး မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော် ဦးစန္ဒာသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ရွှေတောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟံဝင်းအောင်က နဝကမ္မအလှူငွေများကို ဆက်ကပ်လှူဒါန်းခဲ့သည်။
ဆက်လက်၍ မဟာဝိသုတာရာမ ဂန္ဓာရုံကျောင်းတိုက်ဆရာတော်မှ ကထိန်အနုမောဒနာတရားဟောကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။ ထို့နောက် ရွှေတောင်မြို့နယ်အတွင်းရှိ ကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းရရှိမှုမရှိသော ကျောင်းတိုက်များကို မဲစနစ်ဖြင့် ကထိန်လျာသင်္ကန်းနှင့် လှူဒါန်းမှုအစုစုတို့အား ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ကြွရောက်တော်မူလာကြကုန်သော ဆရာတော် သံဃာတော်အရှင်သူမြတ်များနှင့် ကထိန်အလှူရှင် ဒါယိကာမ /ဒါယိကာမ အပေါင်းတို့မှ " ဗုဒ္ဓသာသနံ စိရံတိဌတု "သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)