ပေါင်းတည် နိုဝင်ဘာ၂၈
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ မြန်မာနိုင်ငံ ပြည်သူ့ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နေ့လယ်ပိုင်းက သဖန်းကုန်းကျေးရွာ ကျေးလက်ကျန်းမာရေးဌာန၌ ဒေသခံတောင်သူများနှင့် ပူးပေါင်း၍ တောင်သူများ လယ်ယာလုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး ကွင်းသရုပ်ပြပွဲများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ် ဦးဆောင်၍ သဖန်းကုန်းကျေးလက်ကျန်းမာရေးမှူး ဦးဝင်းသောင်းတို့နှင်အတူ ကျန်းမာရေးမှူးများနှင့်ဝန်ထမ်းများက တောင်သူများ လယ်ယာလုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းဝေးစေရေး၊ ပိုးသတ်ဆေးများအားဘေး အန္တရာယ်ကင်းရှင်းစွာဖြင့် ကိုယ်တွယ် အသုံးပြုနိုင်ရေး၊ စနစ်တကျအသုံးမပြုပါက တွေ့ကြုံခံစားရနိုင်သည့် ကျန်းမာရေးပြဿနာများအကြောင်းတို့ကို အကျယ်တဝံ့ အသိပညာပေး ဟောပြောခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ပိုးသတ်ဆေးဖြန်းရာတွင် အန္တရာယ်ကင်းစေရန် ဝတ်ဆင်ရမည့် ဝတ်စုံ အပြည့်စုံနှင့် လိုအပ်သည့် အသုံးဆောင်ပစ္စည်းများအား တောင်သူများအား ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။ ယင်းနောက် ဝတ်စုံပြည့် ဝတ်ဆင်ပြီး လယ်ယာလုပ်ငန်းခွင်၌ အန္တရာယ်ကင်းရှင်းစွာဖြင့် ပိုးသတ်ဆေးဖြန်းခြင်းကို သရုပ်ပြသပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ တောင်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းဆောင်ရွက်မှုအား ရပ်ရွာအုပ်ချုပ်ရေးအဖွဲ့များနှင့် တောင်သူများ တက်ရောက်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
သူရကြီး ( ပြန်/ဆက်)