ပွင့်ဖြူ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူက ဆောင်းသီးနှံကုလားပဲအား သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရန်အတွက် မိမိတို့၏ လယ်ယာမြေများကို တောင်သူလုပ်ငန်းသုံး ကျွဲနွားတိရစ္ဆာန်များ၊ လယ်ယာသုံးစက်ကိရိယာများဖြင့် ထယ်ရေးညက်အောင် ထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရကာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် တစ်မြို့နယ်လုံး ကုလားပဲသီးနှံဧက ၂၁၈၄၃ ဧက လျာထားစိုက်ပျိုး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဆောင်းသီးနှံကုလားပဲစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်း ကောင်းမွန်စေရန်နှင့် အချိန်မီ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)မှ ကုလားပဲသီးနှံ မျိုးကောင်း မျိုးသန့် ရေဆင်း(၆)နှင့် ရေဆင်း(၁၂) မျိုးစေ့များကို ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ (မြေ၊ မျိုး၊ ပိုး) တာဝန်ခံဝန်ထမ်းများကလည်း ဒေသတွင်းရှိ တောင်သူများ ဆောင်းသီးနှံ ကုလားပဲစိုက်ပျိုးရာတွင် တစ်ဧက သီးနှံအထွက်နှုန်း တိုးတက်မြင့်မားစေရေး မြေဆီလွှာကောင်းမွန်စေရန် လုပ်ဆောင်ရမည့် နည်းစနစ်များ၊ ပိုးမွှားရောဂါကြိုတင်ကာကွယ်ရန် နည်းလမ်းများနှင့် အခြေခံသီးနှံ စိုက်ပျိုးနည်းစနစ်များကို ကွင်းဆင်းပညာပေးခြင်းများ ပံ့ပိုးကူညီလုပ်ဆောင်ပေးနေကြောင်း သိရသည်။
"ယခုနှစ် ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စားနပ်ရိက္ခာဖူလုံစေရန် ရည်ရွယ်ပြီး ဆောင်းသီးနှံတွေဖြစ်တဲ့ ဖူးစားပြောင်း၊ ဆီထွက်သီးနှံစုံ၊ ပဲမျိုးစုံသီးနှံ၊ စားဖိုဆောင်သီးနှံစုံ၊ ကျွဲနွားတိရစ္ဆာန်အစာပင် စသည့် သီးနှံများကို ဒေသခံတောင်သူက အားထားစိုက်ပျိုးလုပ်ကိုင်နေကြပါတယ်။ ဒေသခံတောင်သူတွေကိုလဲ ဆောင်းသီးနှံစိုက်ပျိုးရာတွင် သီးနှံအလိုက် တစ်မြို့နယ်လုံး သတ်မှတ်လျာထားဧက ပြည့်မီစေဖို့နဲ့ သီးနှံအထွက်နှုန်းများ ကောင်းမွန်ပြီး တောင်သူတွေ ဝင်ငွေတိုးပွားစေဖို့အတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက လိုအပ်တဲ့ စိုက်ပျိုးရေးနည်းပညာများကို ပံ့ပိုးကူညီဖြည့်ဆည်း ဆောင်ရွက်ပေးလျက်ရှိပါတယ်။ နောက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန(မျိုးသန့်ခြံ)ကလည်း ဆောင်းသီးနှံအတွက် မျိုးကောင်းမျိုးသန့် ကုလားပဲမျိုးစေ့ ရေဆင်း-၆ နဲ့ ရေဆင်း - ၁၂ မျိုးများကို လုံလောက်စွာ ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ခုဆိုရင် ဒေသခံတောင်သူတွေက ဆောင်းသီးနှံကုလားပဲ စိုက်ပျိုးရန်အတွက် လယ်ယာမြေထွန်ယက်ပြုပြင်ခြင်းများကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါတယ်" ဟု ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဒေါ်မိုးမိုးဝေ က ပြောသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် မတ်ပဲ ၁၃၂ ဧက၊ ပဲကြီး ၄၁ ဧက ၊ ပဲကြား ၃၉၁ ဧက ၊ စားတော်ပဲ ၃၁၈၅ ဧက၊ ပဲလွမ်း ၃၂၃၂ ဧက ၊ ပဲနောက် ၄၁၈ ဧက ၊ ပဲယင်း ၂၁၄ ဧက ၊ ထောပတ်ပဲ ၇၇၃၂ ဧက ကုလားပဲ ၂၁၈၄၃ ဧကနှင့် အခြားပဲသီးနှံ ၈၉၆ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၃၈၀၈၄ ဧက လျာထား စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ကာ ယနေ့အထိ မတ်ပဲ ၉၅ ဧက၊ ပဲကြီး ၃၆၉၅ ဧက ၊ ပဲကြား ၃၂ ဧက၊ စားတော်ပဲ ၁၂၀ ဧက ၊ ပဲလွမ်း ၈၈၄ ဧက ၊ ပဲနောက် ၁၆၂ ဧက၊ ပဲယင်း ၉၂ ဧက၊ ထောပတ်ပဲ ၁၁၅၀ ဧက၊ အခြားပဲသီးနှံ ၁၃၂ ဧက၊ စုစုပေါင်း ပဲမျိုးစုံသီးနှံ ၆၃၆၂ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )