ပခုက္ကူဈေးကွက်အတွင်း ရာသီစာသဘာဝမှိုများ ရောင်းအားကောင်းလျက်ရှိ

ပခုက္ကူ အောက်တိုဘာ ၁၇

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြို့မဈေးကြီးအပါအဝင် ယာယီပျံကျဈေးများတွင် ရာသီစာသဘာဝမှိုများ လာရောက်ရောင်းချနေကြရာ ဝယ်ယူစားသုံးသူများပြားပြီး ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။

ပခုက္ကူမြို့နယ်နှင့်အနီးပတ်ဝန်းကျင်ဒေသများရှိ တောတောင်၊ တောင်ပို့များမှ ထွက်ရှိသော သဘာဝမှိုများ ဖြစ်သည့် မှိုအုန်းနက်နှင့်မှိုဖြူများကို မြို့ပေါ်ရှိဈေးကွက်များအတွင်း လာရောက်ရောင်းချလျက်ရှိပြီး မှိုတစ်ပိဿာ၏ဈေးနှုန်းမှာငွေကျပ် ၁၅၀၀၀မှ ၂၀၀၀၀အထိ မှိုအဝင်အထွက်ပေါ်မူတည်၍ ဈေးနှုန်းအတက်အကျရှိကြောင်း၊ ယခုနှစ် မှိုထွက်ရာသီကာလတွင် မိုးနှောင်းမိုးရွာသွန်းမှုနည်းပါးခြင်းကြောင့် မှိုအထွက်နောက်ကျပြီး မှိုထွက်ချိန်ပြောင်းကာရှာဖွေရခက်ခဲကြောင်း၊ ရာသီစားသဘာဝမှိုများကို ယခုနှစ်စက်တင်ဘာလလယ်ပိုင်းကစတင်ကာ ရှာဖွေနှုတ်ယူပြီး လာရောက်ရောင်းချခြင်းဖြစ်ကြောင်း ပခုက္ကူမြို့မဈေးကြီးအတွင်း လာရောက်ရောင်းချသည့် မှိုဈေးသည်တစ်ဦးက ပြောပြသည်။

ပခုက္ကူမြို့ပေါ်ဈေးကွက်များတွင် မှိုအထွက်နှုန်းအနည်းအများပေါ်မူတည်ပြီး မှိုလာရောက်ရောင်းချမှု ရှားပါးခြင်းကြောင့် မိမိကြိုက်နှစ်သက်သည့်အချိန်တွင် ဝယ်ယူရန်ခက်ခဲကြောင်း မှိုဝယ်ယူအားပေးသူတစ်ဦး၏ ပြောပြချက်အရသိရသည်။

ဘာမီသာ(ပခုက္ကူ)