မော်လမြိုင် အောက်တိုဘာ ၁၇
မြန်မာ့ရော်ဘာကို မွန်ပြည်နယ်အတွင်း အများဆုံးစိုက်ပျိုးလျက်ရှိပြီး အရည်အသွေးမြှင့် ထုတ်ကုန်များအဖြစ် တစိုက်မတ်မတ် တိုးမြှင့်ထုတ်လုပ်နိုင်ရေး ဦးစားပေးကဏ္ဍအနေဖြင့် ဆောင်ရွက်လျက်ရှိရာ ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးရေးသင်တန်း” ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ဇဗ္ဗူကျော်ဟိုတယ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများ၊ ပြည်နယ်အတွင်း ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့သည်၊၊
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ဒေသရော်ဘာထွက်ကုန်ကြမ်းများကို အခြေခံ၍ တန်ဖိုးမြှင့်ထုတ်ကုန်များစီးပွားဖြစ် ထုတ်လုပ်နိုင်ခြင်းဖြင့် သွင်းကုန်အစားထိုးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်လာနိုင်ရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ လန်ချန်း - မဲခေါင်ပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေ (၂၀၂၁)ဖြင့် ဆောင်ရွက်နေတဲ့ ရော်ဘာအရည်အသွေးမြှင့်တင်ခြင်းနှင့် ရော်ဘာလုပ်ငန်းများအတွက် ဈေးကွက်သုတေသနပြုလုပ်ခြင်းစီမံကိန်း”ကို ပြည်နယ်အတွက် သင်တန်းပို့ချပေးနိုင်သည့်အတွက် အထူးပင်ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ ရော်ဘာထုတ်လုပ်သူတွေရဲ့ အတွေ့အကြုံတွေကို သုတေသနပြုလုပ်ခဲ့ပြီး သုတေသနပြုချက်တွေအရ ဒီသင်တန်းပေးနိုင်ရန်၊ ရော်ဘာထုတ်ကုန်များ အရည်အသွေးကောင်းပြီး ဈေးကောင်းရရှိနိုင်ဖို့ဆိုရင် ရော်ဘာအရည်အသွေး ထိန်းသိမ်းရမဲ့နည်းလမ်းတွေကို သိရှိနိုင်စေရန်၊ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအတွက် နိုင်ငံတော်ကလည်း စိုက်ပျိုးရေးလုပ်ငန်းမှာ ခေတ်မီနည်းစနစ်များနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ ဖွံ့ဖြိုးတိုးစေဖို့အတွက် ချေးငွေလိုအပ်ချက်တွေကို နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ထုတ်ချေးပေးလျှက်ရှိပါကြောင်း၊ ဒေသနှင့်ကိုက်ညီသော ရော်ဘာမျိုးကောင်းမျိုးသန့်များ ပြန်လည်စိုက်ပျိုးနိုင်ရေးနှင့် ရော်ဘာအထွက်နှုန်း တိုးတက်ကောင်းမွန်ရေးတို့အတွက် အားလုံးဝိုင်းဝန်းဆောင်ရွက်ပေးကြရန် အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထိန်လင်းမှ မွန်ပြည်နယ်အတွင်း မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ဈေးကွက်ရရှိမှုတို့နှင့်စပ်လျဉ်းသည့် နည်းပညာပေးအစီအစဉ်များအား ရှင်းလင်းတင်ပြခဲ့သည်။
အဆိုပါသင်တန်းကို အောက်တိုဘာလ ၁၆ ရက်နေ့မှ ၁၇ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းတွင် မြန်မာ့ရော်ဘာစိုက်ပျိုးထုတ်လုပ်မှု၊ ပြည်ပတင်ပို့မှုနှင့် ရေရှည်တည်တံ့သော သဘာဝရော်ဘာဖွံ့ဖြိုးတိုးတက်ရေး၊ ရော်ဘာအရည်အသွေးတိုးတက်မြင့်မားရေး၊ ဈေးကွက်နှင့် ဈေးနှုန်းပိုမိုရရှိနိုင်ရေး၊ မြန်မာ့သဘာဝရော်ဘာရေရှည်တည်တံ့မှ ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ၊ ရော်ဘာအရည်အသွေးမြှင့်တင်ရေး၊ ဒေသတွင်းရော်ဘာ စိုက်ပျိုးထုတ်လုပ်ရောင်းချမှုနှင့် အရည်အသွေးအခြေအနေများကို စိုက်ပျိုးရေးဦးစီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ရော်ဘာအသင်းအဖွဲ့များမှ ကျွမ်းကျင်ပညာရှင်များက အတွေ့အကြုံများကို ဆွေးနွေးပို့ချခဲ့ကြကြောင်း သိရှိရသည်။
ခရိုင် (ပြန်/ဆက်)