သာပေါင်းမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာမှ ၂၀၂၂ ခုနှစ်၊ မိုး ဆောင်း အချိန်စေ့ ကြွေးကျန်များ ပြေကြေရေး ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘဏ်အတွင်းရေးမှူးများ တွေ့ဆုံစည်းဝေး

သာပေါင်း အောက်တိုဘာ ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ စိုက်ပျိုးစရိတ် ချေးငွေများကို တောင်သူများအား နှစ်စဉ်ထုတ်ချေးပေးလျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆောင်းရာသီ စိုက်ပျိုးစရိတ် ချေးငွေထုတ်‌ ချေးပေးနိုင်ရေးအတွက် ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဘဏ်အတွင်းရေးမှူးများ တွေ့ဆုံညှိနှိုင်းအစည်းဝေးကို မြို့နယ်ဘဏ်ခွဲ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မန်နေဂျာဒေါ်မြင့်မြင့်သန်းက ၂၀၂၂ ခုနှစ် မိုး၊ ဆောင်း အချိန်စေ့ ကြွေးကျန်များ ပြေကြေရေး၊ တောင်သူများအား ဆောင်းရာသီစပါး စိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာလ (တတိယပတ်)မှ စတင်၍ ဒီဇင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ တစ်နှစ် ၅% အတိုးဖြင့် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ချေးငွေများ ထုတ်ချေးပေးရာတွင် ယခင်နှစ်ချေးငွေများ အချိန်မီ ပြန်လည်ပေးဆပ်ပြီးသည့် တောင်သူများအား ဦးစားပေး ထုတ်ချေးပေးလျက်ရှိကြောင်းနှင့် ၂၀၁၄ ခုနှစ် ဆောင်းမှ ၂၀၂၂ ခုနှစ် အထိ ကြွေးကျန် တောင်သူများ အမြန်ဆုံးပေးဆပ်ရေး၊ စိုက်ပျိုးစရိတ်ချေးငွေများကို အကျိုးရှိစွာသုံးစွဲစေရေးတို့ကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။

နိုင်ငံတော်မှ လယ်ယာစိုက်ပျိုးရေး လုပ်ကိုင်သည့် တောင်သူများအား စိုက်ပျိုးစရိတ်အရင်းအနှီး ရရှိစေရေးအတွက် နှစ်စဉ်ထုတ်ချေးပေးခြင်းဖြစ်ကြောင်း၊ ဆောင်းရာသီ စိုက်ပျိုးစရိတ်ချေးငွေအား အောက်တိုဘာလ (တတိယပတ်)မှ ဒီဇင်ဘာလအထိ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း၊ ၎င်း ချေးငွေကို (၃၀၊ ၉၊ ၂၀၂၄) နောက်ဆုံးထား၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်ကြောင်း၊ ယခင်နှစ်ကြွေးကျန်ရှိသည့် တောင်သူများအနေဖြင့်လည်း အချိန်မီပေးဆပ်ပြီးသည့် တောင်သူများနှင့် ကိုဗစ် ချေးငွေပါ ပြေကြေပြီးသည့် တောင်သူများအား ဆက်လက်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းနှင့် စိုက်ပျိုးဧက (၁၂၆၄၂)၊ ချေးငွေ (၁၈၉၆၃)သိန်းကို ထုက်ချေးပေးထားရန် လျာထားပြီး၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲ မြို့နယ်မန်နေဂျာ ဒေါ်မြင့်မြင့်သန်းထံမှ သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)