မြို့သစ် အောက်တိုဘာ ၁၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် စက်တင်ဘာလဆန်းပိုင်းမှ စတင်၍ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယနေ့ အောက်တိုဘာလ ၁၂ ရက်နေ့၊ နံနက်ပိုင်းတွင် ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ဆဒ္ဒန်ဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၆၀ ဒသမ ၅၀)ပေဖြစ်ပြီး လက်ရှိရေမှတ်မှာ ( ၅၆၁ ဒသမ ၁၀) ပေရှိသည့်အတွက် (သုည ဒသမ ခြောက်ပေခန့်) ရေပိုလွှဲမှ ရေကျော်ကျလျက်ရှိပြီး ဘုတ်ချောင်းဆည်ရေလှောင်တမံ၏ ရေပြည့်အမှတ်သည် (၅၀၆)ပေ ဖြစ်ပြီး လက်ရှိရေမှတ်မှာ (၅၀၆ ဒသမ ၁၀) ပေရှိသည့်အတွက် (သုည ဒသမ တစ်ပေခန့်) ရေပိုလွှဲမှ ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း၊ ဆဒ္ဒန်ဆည်ရေလှောင်တမံနှင့် ဘုတ်ချောင်းဆည်ရေလှောင်တမံ ရေပိုလွှဲတို့မှ ရေကျော်ကျမှုရှိသော်လည်း ဆည်၏ ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်သည့်အတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် ဆည်အခြေအနေနှင့်ပတ်သက်၍ ဝန်ထမ်းများအား အလှည့်ကျ ရေကင်းတာဝန်ချထားကာ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးနှိုးဆော်မှုများ ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ထက်ထံက သိရသည်။
ဝင်းအိဇွန် (ပြန်/ဆက်)