သရက်မြို့၌ အလယ်တန်းဆင့်ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲကျင်းပ

သရက် အောက်တိုဘာ ၁၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ အလယ်တန်းဆင့်ပြီးမြောက်အောင်မြင်ပြီးသော ကျောင်းသား/ကျောင်းသူများ ပညာသင်ယူနိုင်မည့် အခွင့်အလမ်းနှင့်စပ်လျဉ်း၍ အသိပညာပေးဆွေးနွေးပွဲ ကျင်းပခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက အမှတ်(၃) အခြေခံ ပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြသည်။

အဆိုပါအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင်းဆွေက အဖွင့်အမှာစကား ပြောကြးပေးခဲ့ပြီး မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာညိုဝင်းက မွေးမြူရေးအတက်ပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများ ရှင်းလင်းပြောကြားရာတွင် မွေးမြူရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်အပြင် မွေးမြူရေး အတတ်ပညာဆိုင်ရာ ဘာသာရပ်ကို ပညာသင်ကာလ (၃)နှစ်တွင် စာတွေ့လက်တွေ့ဖြင့် လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့သည်။

ထို့နောက်အစိုးရလက်မှုသိပ္ပံ(သရက်)ကျောင်းမှ ဦးသီဟကျော်ဇင်က စက်မှုနည်းပညာ သင်ယူနိုင်မည့် အခွင့်အလမ်းများနှင့်ပတ်သက်၍ ပြောကြားပေးခဲ့ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးသက်ကျော်က စိုက်ပျိုးရေးအတတ်ပညာ သင်ယူနိုင်မည့် နည်းလမ်းများ ပြောကြားရာတွင် စိုက်ပျိုးရေးအတတ်ပညာတွင် အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်များအပြင် စိုက်ပျိုးရေးအတတ်ပညာဆိုင်ရာ ဘာသာရပ်များကို ပညာသင်ကာလ (၃)နှစ်တွင် စာတွေ့လက်တွေ့ဖြင့် လုပ်ငန်းခွင် အသင့်ဖြစ်စေမည့် သင်ရိုးညွှန်းတမ်းများ အသုံးပြု၍ သင်ကြားလေ့ကျင့်ပေးမည်ဖြစ်ကြောင်း ပြောကြားပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)