ပေါင် အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများ တောင်သူများသိရှိစေရန်နှင့် ဆီထွက်သီးနှံ(နေကြာ)တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်(၁၀း၃၀)နာရီက သဲကုန်းကျေးရွာရှိ သဲရွှေဝါခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ သထုံခရိုင်ဦးစီးမှူးဒေါ်သင်းသင်းဆင့်က အယ်နီညိုဖြစ်စဥ်ကြောင့် စိုက်ပျိုးရေးအပေါ်သက်ရောက်မှုများ တောင်သူများသိရှိစေရန် အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးကျော်စွာလှိုင်က တောင်သူများ၏လိုအပ်သော စပ်မျိုးနေကြာကို ဌာနအနေဖြင့် တောင်သူများဝယ်ယူရရှိရန်စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့ ၏လမ်းညွှန်မှုဖြင့် ဓာတ်မြေသြဇာသွင်းအားစုများကိုသက်သာသည့် စျေးနှုန်းဖြင့်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသတွင်းစားသုံးဆီဖူလုံစေပြီး တောင်သူများအချိန်တိုအတွင်း အကျိုးမြတ်ရရှိနိုင်မည့် စပ်မျိုးနေကြာစိုက်ပျိုးမှုတွင် လိုအပ်ချက်များကို စိုက်ပျိုးရာသီမတိုင်မီ ကြီးကြပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကာ လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူများ၏ နည်းပညာလိုအပ်ချက်များကိုလည်း စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်မြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)ကို ၂၀၂၂-၂၀၂၃ ခုနှစ်တွင် စိုက်ဧက(၃၂၂)ဧကကို စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် စိုက်ဧက(၁၀၀၀) စိုက်ပျိုးရန်လျာထားကာ လျာထားချက်ပြည့်မီအောင်စိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက တောင်သူများနှင့်အတူပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)