ဖျာပုံခရိုင် (၄)မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ကျင်းပ

ဖျာပုံ အောက်တိုဘာ ၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများ ကာယ၊ ဥာဏ၊ စာရိတ္တ ဖွံ့ဖြိုးစေရေးနှင့် နိုင်ငံတော်၏ အားထားရသော အားကစားသမားကောင်းများ ပေါ်​ပေါက်လာစေရန်နှင့် မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ခရိုင်အဆင့် (၄)မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လယ် (၂)နာရီအချိန်က ဖျာပုံမြို့ ပြည်သူ့အားကစားကွင်းကြီးအတွင်း ကျင်းပပြုလုပ်သည်။

အဆိုပါ ခရိုင်အဆင့် (၄)မြို့နယ် အခြေခံပညာ ကျောင်းပေါင်းစုံ အားကစားပြိုင်ပွဲ ဖွင့်ပွဲတွင် ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်လင်းက အဖွင့်အမှာစကား ပြောကြားပြီး၊ ဖျာပုံခရိုင်ပညာရေးမှူး ဒေါ်အေးမြင့်က ကျောင်းသား အားကစားပွဲတော် ကျင်းပရခြင်းနှင့် ပတ်သက်၍ ကဏ္ဍတစ်ခုချင်းအလိုက် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အားကစားသမားများက အားကစား အဓိဋ္ဌာန်ရွက်ဆိုခြင်းနှင့် စစ်ကြောင်းပုံစံဖြင့် ချီတက် အ‌လေးပြုထွက်ခွာခဲ့ပြီး အားကစားနည်းအလိုက် ယှဉ်ပြိုင်ကြရာ ယနေ့တွင် ဘိုကလေးမြို့နယ် ဘောလုံးအသင်းနှင့် ဒေးဒရဲမြို့နယ်ဘောလုံးအသင်း၊ ဖျာပုံမြို့နယ် ဘောလုံးအသင်းနှင့် ကျိုက်လတ်မြို့နယ် ဘောလုံးအသင်းတို့ ယှဉ်ပြိုင်လျက်ရှိကြပြီး၊ ခရိုင်အဆင့် (၄)မြို့နယ် အခြေခံပညာကျောင်းပေါင်းစုံပြိုင်ပွဲတွင် အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများက အားကစားနည်း (၇)မျိုးဖြစ်သော (ဘောလုံး၊ ဘော်လီဘော၊ ပြေးခုန်ပစ်၊ ကြက်တောင်ရိုက်၊ စားပွဲတင်တင်းနစ်၊ ပိုက်ကျော်ခြင်း၊ ဘတ်စကတ်ဘော) စသည့် အားကစားနည်းများဖြင့် (၈-၁၀-၂၀၂၃)မှ (၁၁ -၁၀ -၂၀၂၃)ရက်နေ့အထိ ကျင်းပမည် ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၅၅)ဦး ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း၊ ဖျာပုံခရိုင်ပညာရေးမှူးရုံးမှ သိရှိရသည်။

အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)