ရေနံချောင်း အောက်တိုဘာ ၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၌ အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား၊ အမျိုးသမီးအားကစားအဖွဲ့နာယကဖလားတို့တွင် တံခွန်စိုက်ဒိုင်းဆုနှင့်ထူးချွန်အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌဦးအောင်ဇင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားမှူးဦးထွန်းထွန်းဦးက အားကစားနည်းများအလိုက် ဆုရရှိသူများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးနှင့် တာဝန်ရှိသူများက အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ရိုးရာခြင်းလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် မောင်ရဝေအောင်အားလည်းကောင်း၊ မကွေးခရိုင်အားကစားနှင့်ကာယပညာဦးစီးကော်မတီဥက္ကဋ္ဌဖလား မြို့နယ်(၆)မြို့နယ် U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမျိုးသမီးဘောလုံးအသင်းအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီးမြို့နယ်(၂၅)မြို့နယ် U-25 အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် အမျိုးသားဘောလုံးအသင်းအားလည်းကောင်း၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလားရိုးရာခြင်းလုံးခတ်ပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့သည့် ရိုးရာခြင်းလုံးအသင်းအားလည်းကောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အလေးမပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားနှင့် ဒုတိယ(ငွေတံဆိပ်)ဆုရရှိခဲ့သည့် မောင်သန်းမျိုးထွန်းနှင့် မအေးစန္ဒာဝင်းတို့အားလည်းကောင်း၊ အားကစားနည်းပြများအားလည်းကောင်း ဂုဏ်ပြုလက်ဆောင်များနှင့်အားကစားဝတ်စုံများကို အသီးသီးဂုဏ်ပြုချီးမြှင့်သည်။
ယင်းနောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူးဦးထွန်းထွန်းဦးနှင့်တာဝန်ရှိသူများက U-19 အမျိုးသမီးဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုနှင့် U-25 အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဒိုင်းဆုတို့ကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးကော်မတီထံသို့ အပ်နှံခဲ့ကြောင်းသိရသည်။
မြို့နယ်ပြန်/ဆက်