ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်

ပွင့်ဖြူ      အောက်တိုဘာ      ၈

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးစေရန်နှင့် အသိဉာဏ်ပညာဗဟုသုတတိုးပွားပြီး ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဆွေးနွေးဟောပြောခြင်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၅ ရက်၊ ညနေ ၃ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်ပြီး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဆွေးနွေးဟောပြောရာတွင် ဦးစွာပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ဇင်မာအောင်က ကျောင်းသားကျောင်းသူများ ကာယ ၊ ဉာဏ ၊ စာရိတ္တ ၊ မိတ္တ ၊ ဘောဂစသည့် ဗလငါးတန်နှင့်ဖွံ့ဖြိုးပြီး ပညာရည်ထူးချွန်ထက်မြက်သော လူတော်လူကောင်းများဖြစ်လာစေရန်အတွက် ပညာသင်ယူချိန်အရွယ်၌ ဘဝရည်မှန်းချက်များချမှတ်၍ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ပြင်ပအသိပညာဗဟုသုတတိုးပွားရေးအတွက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး သုတရသ စာအုပ်စာစောင်များကို ဖတ်ရှုလေ့လာ ကြစေလိုကြောင်း ရှင်းလင်းဆွေးနွေး ဟောပြောသည်။

ဆက်လက်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန(တာဝန်ခံ) ဒုတိယဦးစီးမှူးဒေါ်ဌေးဌေးဝင်းက ကျောင်းသား ကျောင်းသူများ အစားအစာ ဘေးကင်းလုံခြုံစေရေးအတွက် စားသုံးသူအခွင့်အရေးနှင့် စားသုံးသူကာကွယ်ရေးဆိုင်ရာ သိကောင်းစရာများကို ဆွေးနွေးဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများက ကျောင်းသားကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ဝန်ထမ်းများက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် သိမှတ်ဖွယ်ပညာပေးလက်ကမ်းစာစောင်များကိုလည်းကောင်း ဖြန့်ဝေပေးခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ဝင်တစား ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )