သထုံ အောက်တိုဘာ ၇
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ကရင်သက္ကရာဇ်(၂၇၆၂)ခုနှစ်အတွက် ကရင်တိုင်းရင်းသားတို့၏ ရိုးရာချည်ဖြူဖွဲ့မင်္ဂလာပွဲတော် မြို့နယ်အဆင့်အခမ်းအနားကို ယနေ့နံနက်က သိမ်ကုန်းရပ်ကွက်ရှိ မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်တွင် ကရင်အမျိုးသားအလံတော်အား လွှင့်ထူအလေးပြုကြပြီး၊ ကျိုက္ကော်ဓမ္မဒူတသုခိတာရုံကျောင်းတိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တသုဓမ္မထံမှ တက်ရောက်လာသူတို့က သြဝါဒစကားများ နာကြားကြသည်။
ထို့နောက် မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီ နာယကဦးစောစံတင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အေးခန့်တို့က အမှာစကားများပြောကြားကြပြီး တိုင်းရင်းသူတစ်ဦးက ကရင်ရိုးရာ ချည်ဖြူဖွဲ့လက်ချည်ပွဲဖြစ် ပေါ်လာပုံအား ကရင်ဘာသာဖြင့် ရှင်းလင်းပြောကြားသည်။
ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို နှစ်စဉ်ကျင်းပခြင်းသည် စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့တွေကို ဖော်ထုတ်သည့်အနေဖြင့် ကျင်းပခြင်းဖြစ်ပြီး မိဘဘိုးဘွားတို့အနေဖြင့် မိမိတို့၏သားသမီးမြေးမြစ်များ တကွဲတပြားမဖြစ်စေဘဲ စုစုစည်းစည်း ချစ်ချစ်ခင်ခင်ရှိကြရန်နှင့် ကျန်းမာပျော်ရွှင်စွာရှိကြစေရန်၊ ကွဲကွာနေသောဆွေမျိုးစုများ ပြန်လည်တွေ့ဆုံရေး၊ မိသားစုပြန်လည်စုစည်းရေး၊ အချင်းချင်းချစ်ကြည်သွေးစည်းမှုခိုင်မြဲရေး၊ ကြီးပွားတိုးတက်စေရေး၊ ဘေးပယောဂမကောင်းကြံစည်မှုများအား နားမယောင်စေရေး၊ လူငယ်လူရွယ်များကို လူကြီးသူမများက ဆိုဆုံးမစကားပြောနိုင်ရေးတို့အတွက် ရည်ရွယ်ကာ ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့နယ်၌ ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို ကျင်းပရာတွင် သံဃာတော်များအား ဆွမ်းဆက်ကပ်တရားနာယူပြီး လှူဖွယ်များလှူဒါန်းခြင်း၊ ကရင်တိုင်းရင်းသားအလံတော်အား အလေးပြုခြင်း၊ ချည်ဖြူဖြင့် အပြန်အလှန်လက်ချည်ပြီး ဘိုးဘွားများထံမှ ဆုံးမဩဝါဒများနာခံခြင်း၊ ရိုးရာဝါးညှပ်အက၊ ယိမ်းအကများဖြင့်ဖျော်ဖြေခြင်း၊ အစားအသောက်များဖြင့် ဧည့်ခံကျွေးမွေးခြင်း စသည်တို့ကိုပြုလုပ်ခဲ့ကြသည်။
သထုံမြို့နယ်တွင် ကရင်တိုင်းသား ၈၀၀၀၀ ဝန်းကျင်ခန့်နေထိုင်လျက်ရှိပြီး ချည်ဖြူဖွဲ့မင်္ဂလာပွဲတော်ကို သထုံမြို့ပေါ်နှင့် ကရင်တိုင်းရင်းသားအများစု နေထိုင်သည့်ကျေးရွာ ၃၇ ရွာတို့၌ နှစ်စဉ်ပြုလုပ်လေ့ရှိကြောင်း မြို့နယ်ကရင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)