ကျောက်တံခါးမြို့နယ် အ-လ-က(ခွဲ) ရေလျှံကျောင်းတွင် လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကွင်းဆင်းဆောင်ရွက်

ကျောက်တံခါး အောက်တိုဘာ ၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပညာရေးဌာန၊ အား/ကာ ဦးစီးဌာန တို့နှင့် ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး လူငယ်အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၁) နာရီက အ-လ-က(ခွဲ)ရေလျှံကျောင်း၌  ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်တင်တင်ခိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးက လူကုန်ကူးမှုအဓိပ္ပာယ်၊ လူကုန်ကူးမှု နည်းလမ်းများ၊ လူကုန်ကူးရန် ပစ်မှတ်ထားခံရ နိုင်သည့်သူများ၊ လူကုန်ကူးမခံရအောင် သိရှိထားရမည့်အချက်များ၊ လူကုန်ကူးခံရပါက ဆက်သွယ်နိုင်မည့် နည်းလမ်းများ၊ ကလေးအလုပ် သမားအဓိပ္ပာယ်၊ ကလေးအလုပ်သမား အသက်အရွယ်နှင့် ကလေးအလုပ်သမားပပျောက်ရေး ရည်မှန်းချက်တို့ကို ဟောပြောပြီး အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဒေါ်မိုးသူဇာက အားကစားသိပ္ပံအကြောင်း သိကောင်းစရာများကို ဟောပြောသည်။

ထို့နောက် အား/ကာဦးစီးဌာနမှ မြို့နယ်အားကစားမှူးက အားကစားပစ္စည်းများကို ပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူသည်။ ယင်းနောက် လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ ကလေးအလုပ်သမားပပျောက်ရေး  အသိပညာပေးနံရံကပ်စာစောင်တို့ကို ပြသရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)