ကသာခရိုင် အမျိုးသမီးကော်မတီ၏ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

ကသာ အောက်တိုဘာ ၇

ကသာခရိုင် အမျိုးသမီးကော်မတီ၏ ဒုတိယ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အစည်းအဝေးတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က အဖွင့်အမှာစကား ပြောကြားရာ၌ လုပ်ငန်းကော်မတီ၏ သဘောသဘာဝအရ လုပ်ငန်းတာဝန် (၃) ရပ်ရှိကြောင်း၊ အသိပညာပေးခြင်းလုပ်ငန်းကို အခြေခံကျောင်းများ၊ အဆင့်မြင့်ပညာကျောင်းများသာမက ရပ်ရွာအတွင်းရှိ ပြည်သူများကို အသိပညာပေးစေလိုကြောင်း၊ ထိုသို့အသိပညာပေးခြင်းဖြင့် လိုအပ်လာပါက ထိထိရောက်ရောက် ကာကွယ်ပေးနိုင်သောဌာနများ၊ ဆက်သွယ်တိုင်ကြားရမည့်ဌာနများ၊ အဖွဲ့အစည်းများရှိကြောင်း၊ သိဖို့လိုအပ်သကဲ့သို့ အဆိုပါလုပ်ငန်းများနှင့်ဆက်စပ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဆောင်ရွက်ပေးနေသည့်အကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်းနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားသည်။

ဆက်လက်၍ ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ပထမ (၃) လပတ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ ချမှတ်ခဲ့သော ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများနှင့် သင်တန်းများဖွင့်လှစ်မည့်အခြေအနေတို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်အမျိုးသမီးကော်မတီအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်သင့်သည့် အခြေအနေများကို အသီးသီးတင်ပြဆွေးနွေးခဲ့ကြရာ အဆိုပါဆွေးနွေးတင်ပြမှုများနှင့်ပတ်သက်၍ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ဦးထွန်းကျော်ကျော်က ထပ်ဆင့်ဖြည့်စွက်ဆွေးနွေးပြီး လာမည့် (၃) လပတ် အတွင်း အလေးပေးဆောင်ရွက်ရမည့် လုပ်ငန်းများကို ဆွေးနွေးဆုံးဖြတ်ပေးခဲ့ကြောင်း  သိရသည်။

ဆိုပါ အစည်းအဝေးသို့ ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်စွာထွန်း(ကသာ)