ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဘက်စုံပြုပြင်မွမ်းမံရေး သြဝါဒခံယူပွဲကျင်းပ

ဒေးဒရဲ အောက်တိုဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ကျက်သရေဆောင် ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီးအား ပြည်သူများ ကြည်ညို သဒ္ဓါပွားများနိုင်ရန်  ဘက်စုံပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် စေတီတော်မြတ်ကြီး၏ သြဝါဒဆရာတော်ကြီးများနှင့် ဝန်ဆောင်ဆရာများထံက သြဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီက ဆုတောင်းပြည့်စုံ ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ပရဝုဏ်အတွင်းရှိ နှစ်ကျိပ်ရှစ်ဆူဘုရားတန်ဆောင်းတော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တက်ရောက်လာသူများက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်ဗဟိုသံဃာဝန်ဆောင်၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တကုသလက အဖွင့်သြဝါဒ မိန့်ကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသက်နိုင်ဦး၊ မြို့နယ်သာသနာရေးဦးစီးမှူး ဦးနိုင်ဦးလှိုင်တို့က သာသနာရေးဆိုင်ရာများအား လျှောက်ထားခြင်းနှင့် ကျိုက်ဒေးယျုံစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့ဝင်များက စေတီတော်ကြီးအတွင်းရှိ သာသနိက အဆောက်အဦများနှင့် ရင်ပြင်တော် စကျင်ကျောက်ပြားများ  မွမ်းမံပြုပြင်ရေးဆောင်ရွက်မည့် အခြေအနေများ၊ ကျခံသုံးစွဲရမည့် ဘဏ္ဍာရေးအခြေအနေများ၊ အလှူခံရရှိမှု အခြေအနေများ၊ ဗုဒ္ဓပူဇနိယပွဲတော်များ ကျင်းပမည့်လုပ်ငန်းများကို တင်ပြလျှောက်ထားကြရာ ကြွရောက်လာသည့် သြဝါဒဆရာတော်ကြီးက သြဝါဒစကားများ မိန့်ကြားပေးခဲ့ကြောင်း သိရသည်။

ထို့နောက်မြို့နယ်သံဃနာယကအဖွဲ့(ဥက္ကဋ္ဌ) ဘဒ္ဒန္တပညာစာရက နိဂုံးချုပ်သြဝါဒချီးမြှင့်ခဲ့ပြီး တက်ရောက်လာသူများက ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

အေဇာလင်း