ကံမမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဖလား ရပ်ကွက်ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

ကံမ အောက်တိုဘာ ၇

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကျန်းမာကြံ့ခိုင်သော လူငယ်များပေါ်ထွက်လာစေ‌ရေး၊ မြန်မာ့ဘောလုံးအဆင့်အတန်းမြင့်မားလာစေရေး၊ မြို့နယ်အတွင်း အားကစားဖွံ့ဖြိုးတိုးတက်ရေးနှင့် ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်၍ ၂၀၂၃-ခုနှစ် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဖလား မိုးရာသီ ရပ်ကွက်ကျေးရွာပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲကို ကျင်းပလျက်ရှိရာ  ယမန်နေ့ညနေက  ဗိုလ်လုပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို မြို့နယ်အတွင်း ရပ်ကွက်ကျေးရွာအုပ်စု (၅၆)အုပ်စုတို့မှ ပြိုင်ပွဲဝင်အသင်း(၄၁)သင်းတို့က စက်တင်ဘာ(၈)ရက်နေ့မှ အောက်တိုဘာ(၆)ရက်နေ့ထိ ဝင်ရောက်ယှဉ်ပြိုင် ကစားခဲ့ကြခြင်းဖြစ်ပြီး ယမန်နေ့ညနေ(၃)နာရီက ဗိုလ်လုပွဲအားယှဉ်ပြိုင်ကစားခဲ့ရာ ဗိုလ်လုပွဲအပြီးတွင် ပထမဆုရရှိသည့် အင်းကြီးကုန်းကျေးရွာ အသင်းအား    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္က   ဦးအုန်းဌေးက  ဆုဖလားနှင့်ဂုဏ်ပြုဆုငွေများကို    ပေးအပ်ချီးမြှင့်ခဲ့ပြီး ဒုတိယဆုရ ကုန်းသောင်ကျေးရွာအသင်း၊ တတိယဆုရ ကျွန်းကလေးကျေးရွာအသင်းနှင့် ထူးချွန်အားကစားသမားများအား တာဝန်ရှိသူအသီးသီးက ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ကျော်ဇေယျဝင်း(ကံမ)